ညောင်ဦးမြို့၌ အထူးရဲသင်တန်းဆင်းပွဲကျင်းပ

ညောင်ဦး အောက်တိုဘာ  ၂၈

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးအင်အား ဖြည့်တင်း ရန် ဖွင့်လှစ်ခဲ့သည့် သင်တန်းဆင်းပွဲ (အထူးရဲသင်တန်း)ကို ညောင်ဦးမြို့ အမှတ်(၅)ရပ်ကွက်၊ ရွှေစည်းခုံစေတော် ဘုရားဝင်းအတွင်းရှိ မဟာဝေဇယန္တာ ဓမ္မဗိမာန်တော်တွင် ယနေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးစိန်ဝင်းက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် သင်တန်းတက်ရောက် ပြီးစီးကြသည့် အထူးရဲသင်တန်းများ အနေဖြင့် သင်တန်းမှသင်ကြားလေ့ကျင့်ပေးသည့်အတိုင်း စည်းစနစ် ကျနစွာဖြင့် စွမ်းစွမ်းတမံဆောင်ရွက်ကြရန်၊ တိုင်းပြည်၏ အရေးကြီးဆုံးအချိန်တွင် နိုင်ငံ့အကျိုး ထမ်းဆောင် ခွင့်ရသည်ကို ဂုဏ်ယူဝမ်းမြောက်စေလိုကြောင်း ပြောကြားသည်။

အဆိုပါ အထူးရဲသင်တန်းကို အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၂၈ ရက်နေ့အထိ ရက်သတ္တပတ်(၄) ပတ် လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်သည်။

အထူးရဲသင်တန်းဆင်းပွဲ အခမ်းအနားသို့ ညောင်ဦးခရိုင် ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီး စိန်ဝင်း၊ ညောင်ဦး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးလွင်၊ ညောင်ဦးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးချိုဦး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် သင်တန်းသား ၂၃၆ ဦးတို့တက် ရောက်ခဲ့ကြ ကြောင်း သိရသည်။

ဖေလိန်း(ပုဂံ)