ကျောက်ဆည်၊ အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲရုံအသီးသီး၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ ၂၂၀ ဦးအား ယနေ့နံနက် (၈) နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် သင်တန်းဆင်းပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သင်တန်းဆင်းပွဲတွင် ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မြင့်သိန်းက အထူးရဲတပ်ဖွဲ့ဝင်များ မဲရုံလုံခြုံရေး တာဝန်များ ထမ်းဆောင်ရာတွင် သိရှိလုက်နာဆောင်ရွက်ရမည့် ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ အခြားသိမှတ်ဖွယ်ရာများ၊ ရွေးကောက်ပွဲဥပဒေများ၊ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးစံနှုန်းများနှင့် ကြေညာစာတမ်းများကို စာတွေ့လက်တွေ့ သင်ကြားလေ့ကျင့်ပေးခဲ့ပြီဖြစ်ရာရွေးကောက်ပွဲတွင် အခြေခံအကျဆုံး တာဝန်ထမ်းဆောင်ရမည့် အထူးရဲများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ မမျှော်မှန်းနိုင်သော လုပ်ငန်းတာဝန်များကို ဘက်ပေါင်းစုံမှကြည့်ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များနှင့်အညီ သတိကြီးစွာ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းနှင့်ရွေးကောက်ပွဲကြီးကို တာဝန်ကျေပွန်စွာဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံပေါင်း(၂၂၀)ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပြီး ပြည်သူများဆန္ဒမဲပေးရာတွင် စိတ်အေးချမ်းလုံခြုံစွာ မဲပေးနိုင်ရေးအတွက် အထူးရဲ(၂၂၀)ဦး တာဝန်ပေး ခန့်အပ်ထားကြောင်း သိရှိရသည်။
သက်မောင်၊ကျောက်ဆည်