ပေါင် ဇန်နဝါရီ ၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည်ပြည့်ဝစေရေးအတွက် လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က ပေါင်မြို့နယ် မုတ္တမကျေးရွာ မဂဒူးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က သင်တန်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် စွမ်းရည်ပြည့်ဝစွာဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရှင်းလင်းအမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်နိုင်ဦးက သင်တန်းသားအရန် မီးသတ်တပ်ဖွဲ့ဝင်များထံ တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို မုတ္တမကျေးရွာမဂဒူးခန်းမ၌ ဇန်နဝါရီ (၈) ရက်နေ့မှ ဖေဖော်ဝါရီ (၂) ရက်နေ့အထိ လေးပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးမြတ်ကိုကို ဦးဆောင်သည့် နည်းပြများက ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေးဆိုင်ရာ ဘာသာရပ်များကို ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာတို့မှ သင်တန်းသား အရန်မီးသတ်တပ်ဖွဲ့ဝင် (၆၅) ဦးတို့အား စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)