တာချီလိတ်မြို့ အ.ထ.က(ခွဲ)မယ်ဟုတ်၌ လူငယ်စကားဝိုင်းကျင်းပ

တာချီလိတ် ဇန်နဝါရီ ၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မယ်ဟုတ်၌ ကျင်းပပြုလုပ်သည်။

ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှုး ဦးသန်းဇော်ဦးက လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးနှင့် လူငယ်စကားဝိုင်းကျင်းပသည့် ရည်ရွယ်ချက် ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်ခိုင်ခိုင်လင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ Grade 11 ကျောင်းသား မောင်အောင်ကျော်မိုးက “လူငယ်နှင့်ပညာရေး”၊ ကျောင်းသူ မစိမ်းသွဲ့သွဲ့နိုင်က “လူငယ်နှင့်စာဖတ်ခြင်း”၊ မနန်းယွန်းအိစံက “လူငယ်နှင့်ကျန်းမာရေး”၊ မသဲစုခိုင်က “လူငယ်နှင့်အောင်မြင်ရေး”၊ မနန်းခမ်းလောင်နွမ်းက “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး” စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသော မေးမြန်းချက်များကို ဦးဆောင်ဆွေးနွေးသူတို့က ပြန်လည်ဖြေကြားပေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် လူငယ်အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ၊ ရတစာအုပ်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)