ခရမ်းမြို့ အ.ထ.က (၂)မြို့မကျောင်းတွင် ၂၀၂၃/ ၂၀၂၄ပညာသင်နှစ်ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ခရမ်း ဇန်နဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့ အ.ထ.က (၂) မြို့မကျောင်းတွင် ၂၀၂၃ / ၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၂) မြို့မအခြေခံပညာအထက်တန်းကျောင်း  မြို့မဂုဏ်ရည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် အ.ထ.က (၂)မြို့မ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေမိုးက အဖွင့်အမှာစကားနှင့် အခမ်းအနားကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး  မြို့မဂုဏ်ဆောင်ထပ်ဆင့်လူရည်နှင့် ၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ၊ တိုင်း/ ခရိုင်ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများ၊ လူရည်ချွန်ပြိုင်ပွဲ၊ စွမ်းရည်ပြိုင်ပွဲ၊ စီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို အ.ထ.က (၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေမိုးနှင့် ဘာသာရပ်ဆိုင်ရာဆရာမများ၊ ကျောင်းအကျိုးတော် ဆောင်များကဂုဏ်ပြုဆုနှင့် ဆုဖလားများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ အ.ထ.က (၂) မြို့မ ကျောင်းမှ ဆရာ/ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆုရ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများတက်ရောက်ခဲ့ကြပြီး အတန်းများအလိုက်ကျင်းပခဲ့သည့် ကျောင်းသား/ ကျောင်းသူများ၏ ဈေးရောင်းပွဲကိုလည်း အားပေးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ကိုမင်း