မလှိုင်မြို့နယ်၌ ကြိုတင်ဆန္ဒမဲလက်မှတ်များ ထုတ်ပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်

မလှိုင်၊ အောက်တိုဘာ ၂၈

 ၂ဝ၂ဝပြည့်နှစ် ၊ နိုဝင်ဘာ(၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် သက်ဆိုင်ရာလွှတ်တော်အလိုက် ဆန္ဒမဲလက်မှတ်များ ပြည့်စုံမှန်ကန်မှု ရှိ / မရှိ စစ်ဆေးပြီး ထုတ်ပိုးခြင်းများကို ယမန်နေ့နံနက်ပိုင်းက မလှိုင်မြို့ ၊ မြို့မရဲစခန်း ဝင်းအတွင်းရှိ ဓမ္မာရုံ၌  ဆောင်ရွက်ခဲ့ကြကြောင်းသိရသည် ။

အဆိုပါနေ့က မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမောင်မောင်တင် ဦးဆောင်၍ မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် များက ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော်၊ တိုင်း‌ဒေသကြီးလွှတ်တော် နယ်မြေ(၁) ၊ တိုင်း‌ဒေသကြီးလွှတ်တော် နယ်မြေ(၂ ) တို့အတွက် ထုတ်ပေးထားသော ဆန္ဒမဲလက်မှတ် စာရင်းများနှင့်ကိုက်ညီမှုရှိ / မရှိစစ်ဆေးခြင်း ၊ စုတ်ပြဲ စွန်းထင်သော ဆန္ဒမဲလက်မှတ်များ ပါရှိခြင်းရှိ /မရှိကို  ဦးစွာ ဖွင့်ဖေါက်စစ်ဆေးခဲ့သည် ။ ထို့နောက် သက်ဆိုင်ရာရပ် / ကျေးကော်မရှင်အဖွဲ့ခွဲများထံသို့ ကြိုတင်ဆန္ဒမဲ လက်မှတ်များကို အောက်တိုဘာ(၂၈)ရက်နေ့တွင် ထုတ်ပေးနိုင်ရန် ပြင်ဆင် ထုတ်ပိုးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။  ကြိုတင်ဆန္ဒမဲများကို အောက်တိုဘာ (၂၉) ရက်နေ့မှ စတင်၍ နိုဝင်ဘာ (၇) ရက်နေ့ အထိ မဲပေးနိုင်ကြောင်း သိရသည် ။

မလှိုင်မြို့နယ်တွင် မဲရုံပေါင်း( ၂၁ဝ) ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်းမှာ တစ်သိန်းနှစ်သောင်း ကျော်ရှိကြောင်း သိ ရသည် ။                                                                                                         

အောင်ဌေး(မလှိုင်)