ကျိုက်ထို ဇန်နဝါရီ ၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၄)ကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်မီးသတ်ဦးစီးဌာန၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ယဗိုလ်မှူးပြည်ထွန်းမှ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ယခုဖွင့်လှစ်သည့် သင်တန်းသည် အလွန်ကောင်းမွန်ပါကြောင်း၊ ဘေးအန္တရာယ်နဲ့ကြုံတွေ့လာပါက သင်တန်းမှ သင်ကြားပို့ချပေးသည့် ပညာရပ်များဖြင့် ဆုံးရှုံးမှုတန်ဖိုးအနည်းဆုံး ဖြစ်စေရေးဝိုင်ဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ သင်ကြားပေးသည့် ဘာသာရပ်များကိုလည်း စနစ်တကျလေ့လာသင်ယူကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဝေယံအောင်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် သင်တန်းတွင်သင်ကြားပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားပြီး သင်တန်းသားများအား အရန်မီးသတ်တပ်ဖွဲ့ဝင်ဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူးပြည်ထွန်းနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းသို့ ရပ်ကွက်၊ ကျေးရွာများမှ သင်တန်းသား(၅၀)ဦး တက်ရောက်ပြီး သင်တန်းတွင် အခြေခံလက်နက်မဲ့စစ်ရေးပြဘာသာရပ်၊ မီးသတ်ပညာဘာသာရပ်၊ ရှာဖွေကယ်ဆယ်ရေးဘာသာရပ်၊ မီးငြိမ်းသတ်ရေးဘာသာရပ်များအား ဇန်နဝါရီ ၈ ရက်နေ့မှ ဖေဖော်ဝါရီ ၂ရက်နေ့ထိ (၄)ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးဌာနမှ သိရသည်။
ဝင်းမောင်