ကော့မှူးတွင် မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကျင်းပ

ကော့မှူး ဇန်နဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရဟန်းရှင်လူပြည်သူများ ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် အသံမစဲမဟာပဋ္ဌာန်းကျမ်း မြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီက တွံတေးခရိုင် ကော့မှူးမြို့နယ် ဘုရားလမ်းရပ်ကွက် မိဂဒါဝုန်ဓမ္မရုံတော်ကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာအခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ကျွဲမင်းကုန်းမျော်တော်ရောင်ကျောင်း တိုက်ဆရာတော် ဘဒန္တဉူးဓမ္မပီယထံမှ ငါးပါးသီလဆောက်တည်ခံယူကာ ကော့မှူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးထွန်းဇော်မင်းနှင့် အလှူရှင်များက လှူဖွယ်ဝတ္တုအစုစုတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ဆရာတော် ဘဒန္တဉူးဓမ္မပီယထံမှ ရေစက်ချတရားနာယူခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆိုက အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါအသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ၂.၁.၂၀၂၄ ရက်မှ ၇.၁.၂၀၂၄ ရက်နေ့ထိ (၅)ရက်တိုင်တိုင်အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ကျော်သူရ (ပြန်/ဆက်)