မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

မိုင်းစံ ဇန်နဝါရီ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က  အခြေခံပညာအထက်တန်းကျောင်းနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးက မျိုးဆက်သစ် လူငယ်လူရွယ်များ အတွေးအခေါ်အယူအဆ မှန်ကန်စေရန်၊ စာဖတ်သည့် အလေ့ အကျင့်ကောင်းများ ရရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာကြည့်တိုက်ကို အသုံးချတက်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးက ကာတွန်းကြယ်ကြယ်၏ "ကောက်ကျစ်သူ၏ရလဒ်"ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး  Grade-6 မှ  မနန်းစံဦးက ဇာတ်လမ်းမနှင်းဖွေး၏ “တန်ဖိုးကိုယ်စီ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်သန့်ဇင်‌အောင်က  “ဝက်ဝံလေးရဲ့ဝါသနာ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောကလာကြသူများက အသိပညာဗဟုသုတများကို အပြန်အလှန်ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မိုင်းစံ(ပြန်/ဆက်)