ဟိုမိန်း ဇန်နဝါရီ ၈
လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းနှင့်အဖွဲ့သည် မြို့အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့်အတူ ဟိုမိန်းမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းနှင့် အဖွဲ့သည် ဟိုမိန်းမြို့ ဝိသုဒ္ဓိဘုန်းတော်ကြီး ကျောင်းဆရာတော် ဘဒ္ဒန္တပုညဝံသထံသို့ သွားရောက်ကန်တော့ခဲ့ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ ရုံးမြေနေရာနှင့် ဝန်ထမ်းအိမ်ရာမြေနေရာများ အခမဲ့မြေလွှဲလျှောက်ထားမှုနှင့် စပ်လျဉ်း၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ မြို့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းရုံး မြေနေရာ အခမဲ့ မြေလွှဲလျှောက်ထားမှုကိုစစ်ဆေးခြင်း၊ ဟိုမိန်းမြို့မှ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင် နယ်နိမိတ်အမှတ်အသား BP-8 သို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်း၊ ရေအားလျှပ်စစ် ဆောင်ရွက်ထားသည့် နောင်လုံကန် ရေအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းနှင့် အဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ဝမ်ဟတ်-ဝမ်စလောင်း-တာဆွတ်တိန်း-ဟိုမိန်းလမ်း (၇၈.၀၀၀) ကီလိုမီတာမှ (၈၅.၀၀၀) ကီလိုမီတာ အထိ (၂.၅၀၀) ကီလိုမီတာအား ယာဉ်အန္တရာယ်/လမ်းအန္တရာယ် ကင်းရှင်းစေရန်အတွက် ကျောက်တောင်/မြေတောင်လမ်းချဲ့ခြင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး စီမံကိန်း လုပ်ငန်းများအား အချိန်မီပြီးစီးရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးမှာကြားကာ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ တင်ပြချက်အပေါ် လမ်းညွှန်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထက်ထက်(ဟိုမိန်း)