မုဒုံ ဇန်နဝါရီ ၈
မွန်ပြည်နယ် မုဒုံမြို့နယ်အမှတ်(၁)အခြေခံပညာအထက်ကျောင်း၏ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက ရှင်အရဟံခန်းမ၌ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ တတ်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မုဒုံမြို့နယ်ပညာရေးမှူး ဒေါ်မြဝင်းက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးအဖြစ် တည်ဆောက်နိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များပေါ်ထွန်းလာစေရန်၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ရေးနှင့် ရိုးရာယဥ်ကျေးမှုလူမှုဘဝစံနှုန်းများ ထိန်းသိမ်းမြှင့်တင်နိုင်မည့် နိုင်ငံသားကောင်းများပေါ်ထွန်းလာစေရန်၊ ပညာရေးကဏ္ဍအလိုက် စွမ်းဆောင်ရည်များကို ထုတ်ဖော်ဂုဏ်ပြုနိုင်ခြင်းဖြင့် ပညာရေးလုပ်ငန်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်ရန်၊ အမျိုးသားမြင့်မားရေးလုပ်ငန်းများကို မိဘ၊ ပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်သွားရန်စသည့် ရည်ရွယ်ချက်များဖြင့် ပညာရေးစုံညီပွဲတော်များကို ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ဘက်စုံလူရည်ချွန်၊ ပညာရည်ချွန်၊ ကာယ၊ ဉာဏပြိုင်ပွဲများတွင် ထူးချွန်စွာဆုရရှိခဲ့ကြသည့် ကျောင်းသား/သူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး ကျောင်းသား/သူများက တေးသရုပ်ဖော်ရိုးရာယဥ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
သားငယ်(ပြန်/ဆက်)