မြစ်ကြီးနား ဇန်နဝါရီ ၈
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့၌ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများ၊ ပြခန်းပြပွဲများ၊ အားကစားပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက မလိခခန်းမ၌ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ အခမ်းအနားများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ကျင်းပပြုလုပ်ခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များ၊ အခမ်းအနားများအားလုံးကို ဆပ်ကော်မတီအလိုက် တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ရာတွင် ပြည်နယ်နေ့ ၏ အနှစ်သာရ၊ ပြည်ထောင်စု၏ အဓိပ္ပာယ်ပေါ်လွင်အောင် စနစ်တကျ စီစဉ်ကျင်းပပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆပ်ကော်မတီ အသီးသီးအနေဖြင့် မိမိတို့ဆပ်ကော်မတီအလိုက် လုပ်ငန်းတာဝန်များကို ဟာကွက်မရှိ၊ လစ်လပ်မှုမရှိအောင် အချိတ်အဆက်မိမိဖြင့် ကြိုးစား ဆောင်ရွက်သွားကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ရာဇာထွန်းက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူ များက လုပ်ငန်းတာဝန်များအလိုက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ ပြည်နယ်နေ့အထိမ်းအမှတ် ဖွင့်လှစ်သွားမည့် အခမ်းအနားများ၊ ပြည်နယ်နေ့ အခမ်းအနားနှင့် ပြခန်းများဖွင့်လှစ်ပြသနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ အားကစားပြိုင်ပွဲများအလိုက် ကျင်းပပြုလုပ်သွား မည့် အစီအစဉ်များ၊ ဆုများပေးအပ်ချီးမြှင့်နိုင်ရေး ဆောင်ရွက်သွားမည့် အစီအစဉ်များကို အသီးသီးရှင်းလင်းတင်ပြ ကြရာ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ဆပ်ကော်မတီအလိုက် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့် အတူ ယမန်နေ့ ညနေပိုင်းကလည်း (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က တံခွန်စိုက်ဆုဖလားနှင့် Hole In One ဆုရရှိသူများ ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးများက ဒုတိယဆုရရှိသူများ၊ ရိုက်ချက် အနည်းဆုံးနှင့် အဝေးရိုက်ချက်နှင့် သတ်မှတ်ချက်အလိုက် ဆုရရှိသူများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)