မြစ်ကြီးနား ဇန်နဝါရီ ၈
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်တော့မည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် မြစ်ကြီးနားမြို့၌ အဖွင့်မနောအက၊ အပိတ်မနောအက၊ ပြခန်းပြပွဲများ၊ မီနီမာရသွန်အပါအဝင် အားကစားပြိုင်ပွဲများအပြင် ပြည်နယ်နေ့အထိမ်းအမှတ် လမ်းဖွင့်ပွဲ၊ ပန်းခြံဖွင့်ပွဲများဖြင့်(၃)ရက်တာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၅ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်နေ့သည် ပြည်ထောင်စု၏ လွတ်လပ်ရေးနှင့်အတူ သမိုင်းအစဉ်အလာကြီးမားစွာ ပေါ်ပေါက်လာခဲ့သော ပြည်နယ်၏ နေ့ထူးနေ့မြတ်တစ်ခုပင် ဖြစ်ပါကြောင်း၊ ပြည်ထောင်စု၏ သမိုင်းကြောင်းခိုင်မာမှု၊ မိမိတို့၏ယဉ်ကျေးမှု၊ ပြည်နယ်၏ပုံရိပ်တို့ကိုပေါ်လွင်အောင် စည်ကားသိုက်မြိုက် အေးချမ်းတည်ငြိမ်စွာ ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအသီးသီးက တာဝန်ရှိသူများအနေဖြင့် တာဝန်ကျေပွန်စွာ ဆောင်ရွက်ခြင်းထက် စေတနာထက်သန်စွာဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးရာဇာထွန်းနှင့် တပ်မတော်အရာရှိကြီးက တပ်မတော်မှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးများနှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ၊ ဂုဏ်ထူးဆောင်လက်မှတ်၊ ဆုတံဆိပ်နှင့်ဆုပစ္စည်းများ ပေးအပ်ချီးမြှင့်ပွဲ၊ ဌာနဆိုင်ရာပြခန်းများနှင့် MSME ထုတ်ကုန်ပစ္စည်းပြခန်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြခန်း စသည့်ပြခန်း(၁၆)ခန်းဖွင့်လှစ် ပြသသွားမည့် အစီအစဉ်များ၊ မီနီမာရသွန်အပါအဝင် အားကစားနည်း(၁၆)မျိုး ထည့်သွင်းကျင်းပသွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ဘဏ္ဍာငွေလိုအပ်ချက်၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်နေ့အထိမ်းအမှတ် အခမ်းအနားများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းတာဝန်များအလိုက် စနစ်တကျ စီမံဆောင်ရွက်သွားရေး လိုအပ်သည်များကို ဆပ်ကော်မတီအလိုက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)