ကျိုင်းလပ်မြို့၌ ဆောင်းသီးနှံ ရွှေပဲသီး စိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်

ကျိုင်းလပ် ဇန်နဝါရီ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ မဲခေါင်မြစ်အနီး၌ ဆောင်းသီးနှံဖြစ်သော ရွှေပဲသီးစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

“ဆောင်းတွင်းရောက်လျှင် ရွှေပဲများ နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး ရွှေပဲပင်က တခြားသီးနှံတွေထက် နှင်းဒဏ်နည်းနည်းခံနိုင်ရည်ရှိပြီး စိုက်ပျိုးရေးစရိတ်လည်း သက်သာတယ် နောက်ပြီး မျိုးပြန်ယူပြီး မျိုးရောင်းလို့လည်းရတယ် ရွှေပဲပင်တစ်ပင်တွင် ရွှေပဲသီးတင်မက ရွှေပဲရွက်ပါ ရောင်းရတဲ့အတွက် ရွှေပဲစိုက်ပျိုးခြင်းက အရှုံးနည်းတဲ့ သီးနှံတစ်မျိုးဖြစ်တယ်” ဟု ကျိုင်းလပ်မြို့ ရွှေပဲစိုက်တောင်သူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ကျိုင်းလပ်မြို့၌ ဆောင်းသီးနှံဖြစ်သော ရွှေပဲပင်များ ဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး ရွှေပဲရွက် (၁) စီးလျှင် (၅၀၀) ကျပ်နှင့် ရွှေပဲသီး (၁) ထုပ်လျှင် (၁၀၀၀) ကျပ် နှုန်းဖြင့် ရက်ကွက်၊ ကျေးရွာများအတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)