မြောက်ဥက္ကလာပမြို့နယ်တွင် စာဖတ်ဝိုင်းဆောင်ရွက်

မြောက်ဥက္ကလာပ ဇန်နဝါရီ ၈

ယနေ့ခေတ် လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားစေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲက စာပေချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် Youth Club အသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြမြဝင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို အဖွင့်အမှာစကားပြောကြားခဲ့ပြီး Book Club အသင်းဥက္ကဋ္ဌ ဆရာဦးသိန်းဝင်းဇော်က စာရေးဆရာနတ်သျှင်(ရွှေဂူ)ရေးသားသည့် “လူငယ်များကို ပျိုးထောင်ပေးပါ ”စာအုပ်သည် သုတရသ၊ ဓမ္မရသဆောင်းပါး(၂၈)ပုဒ်ပါဝင်ကြောင်း၊ ဆရာက ပုံပြင်ထဲကဓမ္မသင်ခန်းစာ၊ နောင်တရမှာ မကြောက်ပါနဲ့၊ ပတ်ဝန်းကျင်ကောင်းကိုတန်ဖိုးထားပါစသည့် ဆောင်းပါးများကို  အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ Book Club အဖွဲ့ဝင်ဦးအောင်ချိန်က “လူငယ်နှင့်မျိုးဆက်အမွေ”ဆောင်းပါးမှ လူငယ်များ အနာဂတ်နှင့်အတူ တိုင်းပြည်၊ လူမျိုး၊ ဘာသာ၊ သာသနာနှင့် ယဥ်ကျေးမှုများကို အလေးထားလိုက်နာကြရန်ပြောကြားခဲ့ပြီး Youth Club အဖွဲ့ဝင် မကြယ်စင်က “အမူအကျင့်ဆိုးများ” ဆောင်းပါးကို တက်ရောက်လာသောအဖွဲ့ဝင်များနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 မြမြဝင်း(ပြန်/ဆက်)