ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း ၁/၂၀၂၄ ဖွင့်လှစ်သင်ကြား

ရမည်းသင်း ဇန်နဝါရီ ၈

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ မီးသတ်ဦးစီးဌာန ဦးဆောင်၍ ခရိုင်နှင့်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်၊ကျေးရွာများရှိ လူမှုရေးအသင်းအဖွဲ့များအား ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း ၁/၂၀၂၄ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၈ ရက် နံနက် ၈ နာရီခွဲက ရမည်းသင်းမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ ခရိုင်မီးသတ်စခန်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရမည်းသင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက လူမှုကယ်ဆယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စွမ်းဆောင်ရည် တိုးတက်လာစေရေးနှင့် သဘာဝဘေးအန္တရာယ်၊ အခြားရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်များကို ထိခိုက်ဆုံးရှုံးမှုနည်းပါးစေရန်အတွက် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍အလျင်အမြန် တုံ့ပြန်ကာကွယ်နိုင်ရေး ပိုမိုထိရောက်စေရန် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဖြစ်တဲ့ အခြေခံ ကြိုးချည်နည်းစနစ်များ၊ ကြိုးအသုံးပြု၍ အသက်ကယ်နည်းစနစ်များ၊ ခေတ်မီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ ကိုင်တွယ်ထိန်းသိမ်းအသုံးပြုနည်း၊ အသက်ရှူကိရိယာ (BA-set) အသုံးပြုနည်း၊ မီးခိုးနှင့်အမှောင်ထုအတွင်းသွားလာခြင်း၊ ရှာဖွေကယ်ဆယ်ခြင်းဆိုင်ရာ သင်္ကေတစနစ်များ၊ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ အခြေခံစည်မျဉ်းများ၊ လှေကားအသုံးပြု၍ လူနာကယ်ဆယ်ခြင်း၊ မီးခိုးအန္တရာယ်နှင့်မီးခိုးထဲတွင် အလုပ်လုပ်ပါက လိုက်နာရမည့်အချက်များ စသည်တို့ကို စနစ်တကျကြိုတင်သင်ယူတတ်မြောက်မှသာ ထိခိုက်ဆုံးရှုံးမှု နည်းပါးမည်ဖြစ်ကြောင်း ခေတ်မီအဆင့်မြင့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့်ကိုင်တွယ်ထိန်းသိမ်းအသုံးပြုတတ်ရန် လက်တွေ့လေ့ကျင်ခြင်းဖြင့် ရှာဖွေကယ်ဆယ်ရေးကို အလျင်အမြန်တုံ့ပြန် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ သင်တန်းသားများအား တူညီဝတ်စုံများအားပေးအပ်သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ (NGO)လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် သင်တန်းသား(၅၀)ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလကို ၁၂ ရက်ကြာ စာတွေ့၊လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ဝင်းအောင်