အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲကျင်းပ

ကျောက်ဆည် ဇန်နဝါရီ ၈

မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ယနေ့နံနက် ၉ နာရီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  ပညာရေးစုံညီပွဲတော်နှင့် ထူးချွန် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို အောင်စေပိုင်စေသီးချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ကျောက်ဆည်မြို့နယ် ပညာရေးမှူး ဦးအေးလင်းက စနစ်သစ်ပညာရေးကို ၂၀၁၆ ခုနှစ် KG တန်းမှစ၍ အကောင်အထည်ဖော်ခဲ့ပြီး အခြေခံမူလတန်းအဆင့်(KG+5)၊ အခြေခံပညာအအလယ်တန်းအဆင့်(KG+9)၊ အခြေခံပညာအထက်တန်းအဆင့် (KG+12) စုစုပေါင်းအတန်း(၁၃)တန်း ပြီးမြောက်မှသာ အခြေခံပညာအောင်မြင်မှာဖြစ်ကြောင်းနှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလာက အခြေခံပညာဦးစီးဌာန၏ ရည်မှန်းချက်များအောင်မြင်ရေး ကျောင်းသား/ကျောင်းသူများ၊ဆရာ/ဆရာမများ၊မိဘများ အားလုံးကပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ကျောင်းသား/ကျောင်းသူများအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံ၍ဘက်စုံထူးချွန်သော ကျောင်းသား/ ကျောင်းသူများဖြစ်ပေါ်လာစေရန်၊ ကမ္ဘာ့အလယ်တွင် ထူးချွန်ထက်မြက်ပြီး နိုင်ငံအတွက်အားထားရသော လူငယ်လူရွယ်များဖြစ်လာရေး ပညာကိုကြိုးစားသင်ယူသွားရေး အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ခွင့်ရက်မပျက်ဝန်ထမ်းဆု၊ သင်ထောက်ကူပြိုင်ပွဲဆု၊ စံပြဝန်ထမ်းနှင့် စံပြကျောင်းသား/ ကျောင်းသူဆု၊ မြို့နယ်အဆင့်ဆောင်းပါး၊ စာစီစာကုံး၊ ကျပန်းပြိုင်ပွဲဆု၊ ကြက်ခြေနီ စွမ်းဆောင်ရည်ဆုရရှိခဲ့သော ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား မြို့နယ်ပညာရေးမှူးဦးအေးလင်းနှင့် ကျောင်းအုပ်ကြီး ဒေါ်ခင်မလာတို့က ဆုများအသီးသီးချီးမြှင့်ပေးခဲ့ပြီး အင်္ဂလိပ်စာ၊ သင်္ချာဘာသာရပ်နှင့် ဘက်စုံထူးချွန်းဆုများ၊ အတန်းစဉ်အလိုက် ပညာရည်ချွန်ဆုများ၊ စာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိခဲ့သောကျောင်းသား/ကျောင်းသူများအား ကျောင်းအကျိုးတော်ဆောင်များနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်းနှင့် အခမ်းအနားသို့ တက်ရောက်လာသူများအား ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက “ပြည်ထောင်စုအင်အား”၊ “အလှကမ္ဘာမြေ”၊ “ပြည်ထောင်စု၏ထာဝရအလှ”၊  “တောင်ယာဝင်ချိန်” သီချင်းများ၊ Fitness Dance အကများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

သက်မောင်ကျောက်ဆည်