မောက်မယ်မြို့နယ် မဲဆန္ဒရှင်ပြည်သူများ ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်နှင့် အညီ လုံခြုံစိတ်ချစွာ ဆန္ဒမဲ ပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

မောက်မယ် အောက်တိုဘာ ၂၈

ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်နိုဝင်ဘာလ၈ရက် နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အဆင်ပြေချောမွေ့စေရေး ၊ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မဲဆန္ဒရှင်ပြည်သူများမှကျန်းမာရေးဆိုင်ရာညွှန်ကြားချက်နှင့်အညီ လုံခြုံစိတ်ချစွာ ဆန္ဒမဲ ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့ နေ့လယ်၂ နာရီ က နမ့်ယွမ်းခန်းမ၌ ကျင်းပ ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရ ကအဖွင့်အမှာစကား ပြောကြား ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးမြင့်စိုးက ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဆောင်ရွက် ထားရှိမှု အခြေအနေအား ရှင်းလင်းပြောကြားသည် ။ ဆက်လက်ပြီး မဲရုံ(၁)ရုံချင်းအလိုက် အခက် အခဲများဆွေးနွေးတင်ပြကာ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲလက်မှတ် များ ၊ ကြိုတင်မဲလက်မှတ်များ ၊ စာအုပ်များနှင့် မဲရုံသုံးပစ္စည်းများအား သက်ဆိုင်ရာမဲရုံမှူးများထံသို့ မြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲမှ ထုတ်ပေးခဲ့ကြောင်းသိရသည်။

ထိုအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ  မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ ၊  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အဖွဲ့ဝင်များ ၊ မဲရုံမှူးများ ၊ ဒုတိယမဲရုံမှူးများ ၊ ရပ်/ကျေး မဲရုံအဖွဲ့ဝင်များ နှင့် မဲရုံတာဝန်ကျဆရာ/ဆရာမများ တက်ရောက်ခဲ့သည်။

မောက်မယ်မြို့နယ်အတွင်း ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော် ၊ ပြည်နယ်လွှတ်တော် ၊ လွတ်တော်( ၃)ရပ်အပြင် တိုင်းရင်းသားလူမျိုးများ မဲဆန္ဒနယ်အတွက် ဗမာတိုင်းရင်းသား(၁၁၂၃)ဦး ၊ အင်းသား တိုင်းရင်း သား (၄၁)ဦး ၊ ကချင် တိုင်းရင်းသား (၉)ဦး ၊ လားဟူတိုင်းရင်းသား(၂)ဦး ၊ လီဆူတိုင်းရင်းသား (၄)ဦး ၊ ကယန်း /ပဒေါင် တိုင်းရင်းသား (၁၃၈)ဦး ၊ အခါတိုင်းရင်းသား(၁)ဦး ရှိကြောင်းနှင့် မောက်မယ်မြို့နယ်တွင် ဆန္ဒမဲ ပေးပိုင် ခွင့်ရှိသူ(၂၂၁၉၀)ဦး ရှိပြီး မဲဆန္ဒနယ်အမှတ်(၁)တွင် မဲရုံ ( ၁၉ )ရုံ ၊ မဲဆန္ဒနယ်အမှတ်(၂)တွင် မဲရုံ ( ၁၃ )ရုံ စုစုပေါင်းမဲရုံ ( ၃၂ ) ရုံ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)