ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိနေပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးစနစ်တကျသုံးစွဲရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေပိုင်းမှစ၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းအောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များလိုက်ပါလျက် မြို့နယ်နေပြည်သူများအနေဖြင့် လျှပ်စစ်မီး၊ မီးဖိုမီး၊ ဖယောင်းတိုင်မီးများနှင့် ခြင်ဆေးခွေများအား ညအိပ်ချိန်တွင် သတိထား၍ စနစ်တကျငြိမ်းသတ်ရန်၊ လျှပ်စစ်မီးပြတ်တောက်နေသည့်အချိန်တွင် မီးခလုတ်များအား သေချာစွာ ပိတ်ထားရန်၊ နေအိမ်များအလိုက် မီးသတ်ဆေးဘူးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ထားရှိဆောင်ရွက်ထားရန်၊ နေအိမ်ခြံဝင်းအတွင်း အမှိုက်များအား စနစ်တကျရှင်းလင်းထားရန်နှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အမြန်ဆက်သွယ်အကြောင်းကြားရမည့် သက်ဆိုင်ရာ မီးသတ်ဦးစီးဌာန ဖုန်းနံပါတ်များအား လိုက်လံအသိပေးနှိုးဆော်လျက်ရှိသည့်အပြင် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ဈေးများ၊စက်မှုလက်မှု လုပ်ကိုင်သူများ၊ သင်္ဘောကျင်း(လွန်းလုပ်ငန်း) များတွင်လည်း မီးဘေးကြိုတင်ကာကွယ်ရေး အသိပေးဟောပြောခြင်း၊ စစ်ဆေးခြင်းနှင့် မီးငြိမ်းသတ်ခြင်းများကိုလည်း လက်တွေ့သရုပ်ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)