အောင်မြေသာစံမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲပြုလုပ်

မန္တလေး အောက်တိုဘာ ၂၈

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပွဲပြုလုပ်ခြင်းကို ယမန်နေ့ ညနေ၃နာရီခွဲက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးအဖြစ် ယာယီ ဖွင့်လှစ်ထားသည့် ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက်(၆၂)၊ ၁၆လမ်းနှင့်၈၆လမ်းထောင့်ရှိ အမြောက်တန်းသစ်လွင် ဓမ္မာရုံတွင် ပြုလုပ်သည်။

ရှင်းလင်းဆွေးနွေးပွဲတွင် အောင်မြေသာစံမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာကိုကိုကြီးက အသက်(၆၀)နှစ်အထက်ရှိ မဲဆန္ဒရှင်များကို Door to Door စနစ်ဖြင့် နေအိမ်များသို့သွားရောက်၍ ဆန္ဒမဲရယူသည့် ကိစ္စ၊ ကြိုတင်မဲကောက်ယူရေးအဖွဲ့ ဖွဲ့စည်းရမည့်ကိစ္စ၊ ကြိုတင်မဲကောက်ယူရာတွင် ဆောက်ရွက်ရမည့် လုပ်ငန်းစဉ်များကိစ္စ၊ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင်ဆန္ဒမဲပုံးများကိုလုံခြုံစွာထိန်းသိမ်းရမည့ကိစ္စရပ်များအကြောင်းနှင့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင်မဲကောက်ယူရာ၌ စနစ်တကျ လျှို့ဝှက်မဲပေးနိုင်ရေး ဆောင်ရွက်ထားကြရန်ကိစ္စ၊ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ကြရန်ကိစ္စများနှင့် ကြိုတင်မဲပေးသူများ စာရင်းကို မဲစာရင်းပုံစံ(၁)နှင့် (၁-က)တို့တွင် မှတ်သား ထားရန် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ အောင်မြေသာစံမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နှင်းနှင်းက  ကြိုတင် မဲကောက်ယူရေးအဖွဲ့ ဖွဲ့စည်းရာတွင် ပါဝင်ဆောင်ရွက်ရမည့်သူများကိစ္စ၊ ရန်ပုံငွေချထားပေးမည့်ကိစ္စ၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ညွှန်ကြားချက်များအတိုင်း တိတိကျကျလိုက်နာ ဆောင်ရွက်ကြရန်ကိစ္စ၊ ဆန္ဒမဲပေးရာတွင် ကြုံတွေ့လာနိုင်သည့် ကိစ္စရပ်များကို အသေးစိတ် ရှင်းလင်းဆွေး‌‌နွေးသည်။

ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် မြို့နယ် ကော်မရှင်အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ အောင်မြေသာစံ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ၊ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။

 ဇော်လင်းဦး(အောင်စံ)