ပင်းတယ ဇန်နဝါရီ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာများ၌ မိသားစုစားသုံးဆီဖူလုံရေးနှင့် စီးပွားဖြစ်ရောင်းချကြရန် စိုက်ပျိုးထားသော ဆီထွက်သီးနှံဖြစ်သည့် နှမ်းလုံးစိုက်ခင်းများကို ဇန်နဝါရီလ ပထမအပတ်မှစတင်၍ ရိတ်သိမ်းနေကြပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆီထွက်သီးနှံနှမ်းလုံးပျိုးပင်များအား ပင်းတယမြို့နယ်၊ ကူးကော်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး ဒေသနေပြည်သူက မိရိုးဖလာစိုက်ပျိုးမြေဧကများ၌ မိုးရာသီသီးနှံများဖြစ်သည့် ပန်းဂေါ်ဖီ၊ ဂေါ်ဖီ၊ ခရမ်းချဉ်၊ မုံညှင်းအစရှိသည့် သီးနှံများ စိုက်ပျိုးခူးဆွတ် ရောင်းချပြီးချိန်၌ ဆောင်သီးနှံဖြစ်သည့် နှမ်းလုံးစေ့သီးနှံကို စိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရသည်။
နှမ်းလုံးပင်များကို စိုက်ပျိုးရာတွင် မျိုးစေ့များကိုဘောင်ဖြင့် ပျိုးပင်ပေါက်များ အဖြစ်ဇူလိုင်လနှင့် ဩဂုတ်လမှစတင်၍ စိုက်ပျိုးကြပြီး တစ်လခန့်ကြာသော အချိန်တွင် ပျိုးပင်ပေါက်များမှာ (၆) လက်မခန့်ရှိလာပါက အဆိုပါပျိုးပင်ပေါက်များကို (၅) လက်မခန့်နက်သည့်တွင်း တစ်တွင်းကို တစ်ပေခြားတူး၍ တစ်တွင်းလျှင် နှမ်းလုံးပင်ငယ်နှစ်ပင်မှ သုံးပင်အထိ ထည့်၍စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး လေးလခန့်အကြာတွင် နှမ်းလုံးပင်များကို တံစဉ်ဖြင့် ရိုတ်သိမ်းကြပြီး တစ်ပတ်ခန့် စိုက်ပျိုးသည့်ခြံထဲတွင် နေလှန်းထားရှိရကြောင်းနှင့် နှမ်းလုံးသည် မြေပဲ၊ နေကြာ၊ ပန်းနှမ်း၊ ဆီမုံညင်း စသည့် ဆီထွက်သီးနှံများ ထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အခြားသော ဆီထွက်သီးနှံများထက် အလေးချိန်ပေါ့သည့်အတွက် ပိဿာ (၇၀) တွင် ဆီထွက်နှုန်းမှာ (၁၀) ပိဿာခန့်သာ ထွက်ရှိကြောင်း သိရသည်။
ယခင်နှစ်က နှမ်းလုံးစျေးမှာ တစ်ပိဿာလျင် (၉၀၀၀) (ကိုးထောင်)ကျပ်မှ (၁၀၅၀၀) (တစ်သောင်းငါးရာ) ကျပ်အထိ စျေးကောင်းရရှိခဲ့ပြီး ယခုနှစ်တွင် ယခင်နှစ်ထက် နှမ်းလုံးဈေး အနည်းငယ်ကျဆင်းနေ၍ ယခင်နှစ်ထက်ဈေးကောင်း ရရှိရန်မျှော်လင့်နေကြကြောင်းနှင့် နှမ်းလုံးများကို ရောင်းချရာတွင်လည်း မိမိတို့ကိုယ်တိုင် သွားရောက်ရောင်းချရန်မလိုဘဲ နှမ်းလုံးဝယ်သည့် ကုန်သည်ပွဲစားများက ကျေးရွာများ အရောက်လိုက်လံ ဝယ်ယူလျက်ရှိကြောင်းနှင့် နှမ်းလုံး ဝယ်ယူသည့်ပွဲစားများမှာ အောင်ပန်းမြို့မှကုန်သည်များ အများဆုံးလာရောက်ဝယ်ယူကြောင်း ကူးကော်ကျေးရွာရှိ နှမ်းလုံးစိုက်သည့် တောင်သူများထံမှ သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)