မိုင်းယုမြို့၌ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ စီမံမှုဖြင့် မိုင်းယု- ဒွန်းနွဲ့ကြိုးတံတား တည်ဆောက်လျက်ရှိ

မိုင်းယု ဇန်နဝါရီ ၈

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဒွန်းနွဲ့အုပ်စု ဒွန်းနွဲ့ကျေးရွာအနီး မိုင်းယုမြို့နှင့် ဒွန်းနွဲ့သွားလမ်းရှိ နမ့်ဖွန်ချောင်းပေါ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် မိုင်းယု-ဒွန်းနွဲ့ကြိုးတံတားအား ယမန်နေ့နံနက်ပိုင်းစတင်၍ တည်ဆောက်နေလျက်ရှိသည်။

အဆိုပါ ကြိုးတံတားတညိဆောက်နေမှုအား မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြပ်မတ်စစ်ဆေးနေလျက်ရှိပြီး ဒွန်းနွဲ့၊ ဝမ်နားမြတ်၊ တာပေါက်၊ မိုင်းလွေ၊ ဝမ်ဆလီ၊ ဝမ်ယမ်းခမ်းနှင့် ဝမ်ပေါက်ကျေးရွာတို့မှ ကျေးလက်နေပြည်သူများက အလှည့်ကျ လုပ်အားဒါနပါဝင်မှုဖြင့် တည်ဆောက်နေလျက်ရှိသည်။

ကြိုးတံတားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် တည်ဆောက်ပေးခြင်းဖြစ်ပြီး တံတားအရှည် ပေ ၁၀၀၊ အကျယ် ၅ ပေ၊ အမြင့် ၃၇ ပေရှိသည့် ကြိုးတံတားဖြင့်ကြောင်းနှင့် အဆိုပါတံတားကြီးပြီးစီးသွားပါက ဒွန်းနွဲ့၊ ဝမ်နားမြတ်၊ တာပေါက်၊ မိုင်းလွေ၊ ဝမ်ဆလီ၊ ဝမ်ယမ်းခမ်းနှင့် ဝမ်ပေါက်ကျေးရွာတို့မှ ပြည်သူများအတွက် ကုန်စည်စီးဆင်းမှု၊ ကူးသန်းရောင်းဝယ်မှု၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးမှုတို့အတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုနိုင်