တွံတေး ဇန်နဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက အဆိုပါစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ချစ်တီး၊ ဒေါ်ပုတန်ဆောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားရှစ်ခိုးကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ရွှေဆံတော်စေတီ သြဝါဒစရိယဆရာတော် ကျောင်းသစ်ကျောင်းတိုက်၏ ပဓာနနာယက ဘဒ္ဒန္တဥတ္တမသာရ (သုဂတော)ဆရာတော်မှ နီလာ နီလာ နိစ္ဆရန္တိ စသောရောင်ခြည်တော်ဖွင့် ဂါထာဖြင့် ဘုရားပင့်ကာ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယ ရှမ်းစုကျောင်းဆရာတော် ဘဒ္ဒန္တဝိမလအရှင်သူမြတ်က ပဋ္ဌာန်းတရားနာကြားရန်အတွက် နတ်ဗြဟ္မာများအား ပင့်ဖိတ်ကြားခဲ့သည်။ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တ နန္ဒောဘာသ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က သာသနာတော်ဆိုင်ရာများ လျှောက်ထားခဲ့သည်။ ယင်းနောက်ပဏ္ဍိတရာမ ကျောင်းဆရာတော် ဘဒ္ဒန္တပညောဘာသ အရှင်သူမြတ်က ပဋ္ဌာန်းအမွန်းရွတ်ဖတ်ပူဇော်ခဲ့ပြီး ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ပဋ္ဌာန်း(၂၄)ပစ္စည်းအကျဥ်းကို သုံးကြိမ်ရွတ်ဆို၍ မဟာပဋ္ဌာန်းဒေသနာတော်မြတ် ရွတ်ဖတ်ပူဇော်ဖွင့်လှစ်၍ မဟာပဋ္ဌာန်းဒေသနာတော်မြတ်ရွတ်ဖတ်ပူဇော်ရာ အလှည့်ကျ ပဋ္ဌာန်းဘာဏကဆရာတော်က မဟာပဋ္ဌာန်းဒေသနာတော်မြတ် စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ရွှေဆံတော်စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဩဝါဒစရိယ ဆရာတော်ကြီးများ၊ သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဂေါပကအဖွဲ့ဝင်များ ဘာသာရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။ အဆိုပါ မဟာပဋ္ဌာန်းဒေသနာတော်မြတ် ရွတ်ဖတ်ပူဇော်ခြင်းကို ဇန်နဝါရီ (၇) ရက်နေ့မှ (၁၂) ရက်နေ့အထိ ရွက်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
တွံတေးသား