မုဒုံ ဇန်နဝါရီ ၈
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် တောင်သူများ နွေစပါးသီးနှံစိုက်ပျိုးမှုနှင့် အခြားစိုက်ပျိုးရေးကဏ္ဍများ အောင်မြင်ဖြစ်ထွန်းစေရန် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ယူရီးယားဓာတ်မြေသြဇာနှင့် ရွှေဇီဝသဘာဝဓာတ်မြေသြဇာများကို ယမန်နေ့က စျေးနှုန်းသက်သာစွာဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဖြူးရောင်းချပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က ကြီးကြပ်၍ ဝန်ထမ်းများက ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ၊ စမ်းသပ်စံပြစိုက်ကွက်နှင့် တင်း (၁၂၀)စံပြကွက်များ စိုက်ပျိုးမည့် ဘဲရမ်း၊ ကွမ်တာကျေးရွာများမှ တောင်သူ (၇၄)ဦး ပိုင်ဆိုင်သော လယ်ဧက (၅၉၁) ဧကအတွက် တစ်ဧကလျှင် ယူရီးယာဓာတ်မြေသြဇာ တစ်အိတ်နှုန်း ငွေကျပ် ၃၄၇၀၀ ဖြင့်လည်းကောင်း၊ ရွှေဇီဝသဘာဝဓာတ်မြေသြဇာ လေးဧကလျှင် တစ်အိတ်နှုန်း ငွေကျပ် ၄၈၀၀၀ ဖြင့်လည်းကောင်း ဖြန့်ဖြူးရောင်းချပေးသည်။
ဒေသခံတောင်သူများအနေဖြင့် မိမိတို့၏ စိုက်ပျိုးလယ်ယာမြေများအတွက် လိုအပ်သည့် သွင်းအားစု ဓာတ်မြေသြဇာများကို စျေးနှုန်းသက်သာစွာဖြင့် အချိုးချ အချိန်ကိုက်ထည့်သွင်းနိုင်မည်ဖြစ်ရာ သီးနှံအထွက်နှုန်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သားငယ် (ပြန်/ဆက်)