လားရှိုးမြို့တွင် ရောက်ရှိခိုလှုံနေရသည့် ယာယီနေရပ်စွန့်ခွာသူများအတွက် စေတနာရှင် ပြည်သူများက စားသောက်ဖွယ်ရာများနှင့် အဝတ်အထည်များ စုပေါင်းလှူဒါန်း

လားရှိုး ဇန်နဝါရီ ၈

လားရှိုးမြို့တွင် ရောက်ရှိခိုလှုံနေကြသည့် ယာယီနေရပ်စွန့်ခွာသူများအတွက် လားရှိုးမြို့ရှိ စေတနာရှင် အလှူရှင်များက  ယမန်နေ့က ယာယီနေရပ်စွန့်ခွာ စခန်းများတွင် သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

စေတနာရှင် အလှူရှင်များသည် လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်နှင့် ကန်မိန်းကျောင်းတိုက်တို့တွင် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် လိုအပ်သည့် စားရိက္ခာများ၊ အဝတ်အထည်များကို သွားရောက်လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

“အခုဆိုရင် ဆောင်းတွင်းကာလဖြစ်တဲ့အတွက် သူတို့လေးတွေလိုအပ်တဲ့ စောင်တွေ အနွေးထည်တွေကို အဓိကထားပြီး လှူဒါန်းဖြစ်ပါတယ်။ စားရိက္ခာ အတွက်လည်း လိုအပ်သလို လှူဒါန်းဖြစ်တယ်။” ဟု စေတနာရှင်တစ်ဦးကပြောသည်။

လားရှိုးမြို့တွင် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၊ ကန်မိန်းပရိယတ္တိစာသင်တိုက်ကျောင်း၊ ကက်သလစ်ဘုရားကျောင်း၊ ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရား ကျောင်းတို့တွင် ယာယီနေရပ်စွန့်ခွာသူများ ရောက်ရှိခိုလှုံလျက်ရှိနေကြောင်း သိရသည်။ 

စိုင်းထွန်း(လားရှိုး)