မိတ္ထီလာမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားရှိသည့် ဆောင်းမြေပဲစိုက်ဧက ၅၀ အောင်မြင်ဖြစ်ထွန်း

မိတ္ထီလာ ဇန်နဝါရီ ၈

မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားရှိသည့်  ဆောင်းမြေပဲစိုက်ဧက ၅၀ မှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၆ အုပ်စု ကျေးရွာ ၈ ရွာမှ တောင်သူ ၄၃ ဦးက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်းမြေပဲစိုက်ဧက ၅၀ တွင် တွန်တာနီမျိုးများကို စိုက်ပျိုးလျက်ရှိသည်။ ယင်းသို့ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်းမြေပဲစိုက်ပျိုးရခြင်းမှာ တောင်သူများ သွင်းအားစုထည့်သွင်းခြင်းအားဖြင့် တစ်ဧက အထွက်နှုန်းတိုးတက်လာစေရန်၊ စျေးနှုန်းနှင့်စျေးကွက်သေချာခြင်းကြောင့် တောင်သူများ ဝင်ငွေတိုးခြင်းဖြင့် နိုင်ငံစီးပွားတိုးတက်မြှင့်မားလာခြင်း၊ စီးမံကိန်းမှာပါဝင်သည့် အစုအဖွဲ့ဝင်အားလုံး အမြတ်ရရှိစေရေး၊ အလုပ်အကိုင်အခွင့်အလှမ်းများ ပိုမိုတိုးတက်ရရှိစေရေး ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် စားအုန်းဆီတင်သွင်းမှု လျော့ချနိုင်ရေးတို့အတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး    နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်းနေကြာတစ်ဧကလျှင် ကျပ်နှစ်သိန်းနှင့်ညီမျှသော သွင်းအားစုကိုလည်းကောင်း ထောက်ပံ့ပေးပြီး အဆိုပါ ထောက်ပံ့ခြင်းအတွက် သီးနှံပေါ်ချိန်တွင် သွင်းအားစုဖိုးနှင့်ညီမျှသောသီးနှံကို ကာလပေါက်စျေးဖြင့် ပေးသွင်းရန်ဖြစ်ပြီး ကျန်သီးနှံကို တောင်သူစိတ်တိုင်းကျ ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ ကွက်ငယ်၊ ရွှေပန်းတိုင်၊ ဝါးရုံ၊ မြာ၊ ကုက္ကိုကုန်း၊ လှည်းပွဲကျေးရွာအုပ်စု ၆ အုပ်စု ကျေးရွာ ၈ ရွာမှ တောင်သူ ၄၃ ဦးက စိုက်ကွင်း ၁၁ ကွင်းတွင် စိုက်ပျိုးထားရှိသည့် ဆောင်းမြေပဲစိုက်ဧက ၅၀ မှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)