မိတ္ထီလာ၊ အောက်တိုဘာလ ၂၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ပုံငွေ ကျပ်သန်း ၁၅၈၀ ကျော်ဖြင့် ကျေးလက်လမ်း (၁၄)လမ်းနှင့် တံတားတစ်စင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ ဒေသထွက်ကုန်များ သယ်ယူ ပို့ဆောင်ရာ တွင် အဆင်ပြေစေရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ရေကျော် တည်ဆောက်ခြင်းလုပ်ငန်းများနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ အထွေထွေ ပိုလျှံရန်ပုံငွေ ကျပ်သန်း ၁၅၈၀.၂၉၀ဖြင့် ကတ္တရာလမ်း (၂)လမ်း ၊ ကွန်ကရစ်လမ်း(၆)လမ်း၊ ကျောက်ချောလမ်း(၃)လမ်း၊ ဂျင်းမြေခင်းလမ်း(၃)လမ်း၊ ကွန်ကရစ်တံတားနှင့်ချဉ်းကပ်လမ်းအဖြစ် ဆောင်ရွက်ခြင်းလုပ်ငန်းများကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူပြီး အောက်တိုဘာလ ပထမပတ်မှ စတင်၍ ဆောင်ရွက် လျက်ရှိသည်။
အဆိုပါ လမ်းအဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်းများကို ဒီဇင်ဘာလအကုန်တွင် အပြီးဆောင် ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စမ်းစမ်းဝါထံမှ သိရ သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)