မိတ္ထီလာခရိုင် မီးသတ်စခန်းအဆောက်အဦ ဆောက်လုပ်နေမှု ၈၀ ရာခိုင်နှုန်းပြီးစီး

မိတ္ထီလာ၊ အောက်တိုဘာလ ၂၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်  တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေ ဖြင့် မိတ္ထီလာခရိုင်မီးသတ်စခန်းအဆောက်အဦကို မိတ္ထီလာမြို့ ပြည်သာယာမြောက် ရပ်ကွက် တွင် ဆောင်လုပ်လျက်ရှိကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရခွင့်ပြုရန်ပုံငွေဖြင့် တင်ဒါအောင်မြင်သည့် UMC ကုမ္ပဏီက တာဝန်ယူပြီး မတ်လ ၁၃ ရက်နေ့မှ စတင်၍   အလျား ၁၃၃ ပေ ၊ အနံ ၅၂ ပေ ၊အမြင့် ၂၆ ပေရှိ အာစီစီ နှစ်ထပ်အဆောက်အဦကို တည်ဆောက်လျက်ရှိသည်။ ၎င်းခရိုင်မီးသတ်အဆောက်အဦ ဆောက်လုပ် နေမှုမှာ ယခုဆိုလျှင် ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီးဖြစ်ပြီး ယင်းအဆောက်အဦကို နိုဝင်ဘာလကုန်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါမီးသတ်အဆောက်အဦ ဆောက်လုပ်ပြီးစီးပါက လူနေ ဝန်ထမ်းလိုင်းခန်းများကို ဆက်လက် တည်ဆောက်သွားမည်ဖြစ်သည်။

မိတ္ထီလာခရိုင်မီးသတ်ဦးစီးဌာနအနေဖြင့် ဝန်ထမ်း (၂၉)ဦးနှင့်အတူ အုပ်ချုပ်မှုယာဉ်နှစ်စီး ၊ မီးငြိမ်း သတ်ယာဉ်  လေးစီး၊ အထောက်အကူပြုယာဉ် သုံးစီး ၊ မီးသတ်စက်ယာဉ် နှစ်စီး၊ ရှာဖွေကယ်ဆယ်ရေး ယာဉ် တစ်စီး၊ လူနာသယ်ယာဉ် တစ်စီးတို့ဖြင့် မီးငြိမ်းသတ်ရေးလုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းက ပြောကြားခဲ့သည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)