ကျောက်ဆည်မြို့တွင် ကွမ်းရွက်(၁)ပိဿာ ငွေကျပ် (၁၆၀၀၀)ကျပ် ရောင်းချရသဖြင့် ကွမ်းစိုက်သူများ အဆင်ပြေ

ကျောက်ဆည် ဖေဖော်ဝါရီ ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကွမ်းရွက်ဈေးများ ပြန်လည်ကောင်းမွန်သဖြင့် ကွမ်းစိုက်တောင်သူများသည် အဆင်ပြေလျက်ရှိ ကြောင်း သံရွာကျေးရွာမှ ကွမ်စိုက်တောင်သူ ဦးမျိုးထွန်းက ပြောပြ၍ သိရသည်။

ကွမ်းရွက်ရောင်းဈေးနှင့် ပတ်သတ်၍ မိုးကာလတွင် ကွမ်းရွက်တစ်ပိဿာ(၆၀၀၀)ကျပ်မှ (၇၀၀၀) ရောင်းချရပြီး ယခုအခါ ကွမ်း(၁)ပိဿာငွေကျပ် (၁၆၀၀၀)ကျပ် ရောင်းချရသဖြင့် ကွမ်းစိုက်သူများ အဆင်ပြေလျက်ရှိကြောင်းနှင့် ကွမ်းစိုက်ပျိုးမည်ဆိုပါက သွင်းအားစုများကြောင်းနှင့် နေ့စဉ် အချိန်ပြည့် ဂရုထားကြည့်ရှုရပြီး ဂရုစိုက်မှုနည်းပါက ကွမ်းပင်များပိုးကျတတ်ပြီး ကွမ်းရွက်အထွက်နှုန်းကျဆင်းကာ ကွမ်းခြံပျက်စီးသည် အထိ ဆုံးရှုံးနိုင်ကြောင်း ငါးလုံကုန်းကျေးရွာမှ ကွမ်းစိုက်တောင်သူ ဦးမြင့်ကြည်က ပြောပြ၍ သိရသည်။

ကျောက်ဆည်မြို့နယ်တွင် သံရွာ၊ ညွှန့်ပင်၊ အေးရွာ၊ အရှေ့သပြေသာ၊ မှိုင်းပန်၊ ကုလရွာ၊ ကျားကာ၊ ဈေးရွာ၊ ရဲကြီး၊ ကိုးပင်၊ မြောင်းဦး၊ ပွတ္တိုင်၊ ငါးလုံကုန်း၊ ပုထိုးတိုင်၊ အနောက်ငယ်တိုးကျေးရွာများတွင် ကွမ်းအများဆုံးစိုက်ပျိုးကြကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ သိရ သည်။

သက်မောင်(ကျောက်ဆည်)