တာချီလိတ် ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) တာလော့၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါ ကျောင်းဝင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ စစ်ဗျူဟာ(အခြေချ)တာချီလိတ်၊ ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုနှင့် ခရိုင်ပညာရေးမှူး ဒေါ်သန္တာလွင်တို့က ပညာရေးစုံညီပွဲတော် အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကျောင်းသား/ကျောင်းသူလေးများက “ထာဝရသစ္စာ” သီချင်းကို Fitness Dance အကဖြင့် ကပြတင်ဆက်သည်။
ထို့နောက် ဗိုလ်မှူးကြီး သူရဇော်လွင်စိုးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုတို့က အမှာစကား ပြောကြားပြီး ဗိုလ်မှူးကြီး သူရဇော်လွင်စိုးနှင့်ဇနီး ဒေါ်တင်တင်လှတို့က ပညာရေး စုံညီပွဲတော်အတွက် ငွေကျပ်(၁၀)သိန်းကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးမာက လက်ခံရယူသည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အဆင့်(A)ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများ၊ “Clean and Green School” အကောင်အထည်ဖော်ဆောင်ရွက်မှု တွင်ပါရှိသော အညွှန်းကိန်းများအရ ပန်းချီ၊ ကာတွန်း၊ ကဗျာနှင့် စာစီစာကုံးထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများ၊ သင်ကြားရေးထူးချွန်ဆုနှင့် ခွင့်ရက်မရှိ ကျောင်းတက်မှန်ဆုရရှိသော ဆရာမများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းကောင်စီအသင်း လှုပ်ရှားမှုတွင် အသင်းလိုက် ဆုရရှိသူများအား တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ပြီး ကျောင်းသား/ကျောင်းသူလေးများက အကအလှဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)