ပြင်ဦးလွင် ဇန်နဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက ပြင်ဦးလွင်မြို့ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း ဧရာဝတီခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများက "ကြိုဆိုပါသည် စုံညီပွဲတော်" တေးသီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးစိုင်းအောင်ကြည်က အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးစိုင်းအောင်ကြည်၊ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဝဏ္ဏစိုးအောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဝင်း၊ မြို့နယ် ပညာရေးမှူး ဒေါ်နွဲ့နွဲ့ဆန်း၊ ခရိုင်နှင့် မြို့နယ် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများက မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲ၊ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ အစရှိသည့် ပညာရေးကဏ္ဍအလိုက် ထူးချွန်ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအားလည်းကောင်း၊ စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများ တွင် ထူးချွန်ဆုရရှိသူများအားလည်းကောင်း၊ အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုများရရှိသူများ အားလည်းကောင်း၊ (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများတွင် ထူးချွန်ဆုများ ရရှိသူများအားလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းများတွင် ထူးချွန်စွာ ဆွေးနွေးနိုင်ကြသည့် ကျောင်းသား/ကျောင်းသူများ အားလည်းကောင်း၊ သန့်ရှင်း၍စိမ်းလန်းစိုပြေသော ကျောင်းဆုရ ကျောင်းများအား လည်းကောင်း၊ သင်တန်းများတွင် ထူးချွန်ဆုများရရှိခဲ့ကြသည့် ဆရာ/ဆရာမ များအား လည်းကောင်း ထူးချွန်ဆုများ အသီးသီးချီးမြှင့်ပေးပြီး ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
ဖြူလူသစ်(ခရိုင်/ပြန်ဆက်)