ကျောက်ပန်းတောင်း ဇန်နဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄၊ ပညာသင်နှစ် အလယ်တန်းဆင့် (Grade-9) စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့ နံနက် (၉:၃၀)နာရီက စံပြရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပညာဂုဏ်ရောင် ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ညောင်ဦးခရိုင် ပညာရေးမှူးရုံးမှ ဦးရဲမြင့် (လက်ထောက်ညွှန်ကြားရေးမှူး)က အလုပ်ရုံ ဆွေးနွေးပွဲနှင့် ပတ်သက်၍ စည်းမျဉ်း/စည်းကမ်းနှင့် ညွှန်ကြားချက်များကို လိုက်နာပြီး၊ စနစ်တကျ ဆောင်ရွက်နိုင်ကြရန်အတွက် အတွေ့အကြုံများကို အခြေခံ၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်က ၂၀၂၃-၂၀၂၄၊ ပညာသင်နှစ် အလယ်တန်းဆင့် (Grade-9) စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ လိုအပ်သည်များကို မှာကြားဆွေးနွေးပြီး အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ယင်းနောက် ညောင်ဦးခရိုင်တွင် ခရိုင်အဆင့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာခဲ့ကြသည့် ဆရာ/ဆရာမ(၆)ဦးတို့က ဦးဆောင်၍ Grade-9 စာမေးပွဲ ဆိုင်ရာများဖြစ်သည့် စာမေးပွဲကာလ လိုက်နာရမည့် အချက်များ၊ အမှတ်ပေး စည်းမျဉ်း/စည်းကမ်းများနှင့် ပတ်သက်၍ ဘာသာရပ်အလိုက် စုဖွဲ့ဆွေးနွေးခြင်းများကို (၁)ရက်တာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲသို့ ညောင်ဦးခရိုင် ပညာရေးမှူးရုံးမှ ဦးရဲမြင့် (လက်ထောက်ညွှန်ကြားရေးမှူး)၊ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်နှင့် လက်ထောက်ပညာရေးမှူးများ၊ အလယ်တန်းပြ၊ ဒုတိယအလယ်တန်းပြနှင့်လက်ထောက် အလယ်တန်းပြ ဆရာ/ဆရာများ၊ ဦးဆောင် ဆွေးနွေးမည့် ဆရာ/ဆရာမများ စုစုပေါင်း ၃၄၈ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)