ကျိုင်းတုံ ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်း၊ ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးသည်။
ဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းက အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပညာ ရေးမှူး ဒေါ်ခင်ညိုညိုက ပညာရေးစုံညီပွဲတော်ကျင်းပ ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းမှူးက ပညာရေးစုံညီပွဲတော်အတွက် ထောက်ပံ့ငွေများပေးအပ်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပြည်နယ်အဆင့် အောင်ချက် အကောင်းဆုံဆုရရှိသည့် အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ၊ (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူများ၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး၊ ကျပန်း စကားပြောပြိုင်ပွဲ ဆုရ ကျောင်းသား၊ ကျောင်းသူများ၊ အင်္ဂလိပ်စာ၊ သင်္ချာ စွမ်းရည်ပြိုင်ပွဲနှင့် ပြိုင်ပွဲအသီးသီးတွင် ဆုရကျောင်းသား၊ ကျောင်းသူများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ပေးအပ်သည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော် ဒို့နွှဲပျော် စသည့် တေးသီချင်း၊ အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)