လှည်းကူး ဇန်နဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ဇန်နဝါရီလ (၆)ရက်နေ့က မဇ္စိုမလင်္ကာရ သာမဏေကျော်စာမေးပွဲကို မဇ္စိုမဂုဏ်ရည်မဟာစည် တောရရိပ်သာ၊ ဓမ္မရံသီ မိုးကုတ်ရိပ်သာနှင့် သာသနာ့ရိပ်သာရပ်ကွက်ရှိ နိဗ္ဗာန်ဆိပ်ဦးဗိမ္မာန်စာဖြေဌာနသုံးခုတို့တွင် ကျင်းပပြုလုပ်သည်။
မဇ္စိုမလင်္ကာရ သာမဏေကျော်စာမေးပွဲကို ပရိယတ္တိသာသနာတော် တည်တံ့ခိုင်မြဲစည်ပင် ပြန့်ပွားစေရန်နှင့် သာသနာ့အာဇာနည် အရှင်မြတ် များ တိုးပွားစေရန် ရည်ရွယ်၍ ကျင်းပ ပြုလုပ်ခြင်းဖြစ်ပြီး ဇန်နဝါရီလ(၆)ရက်နေ့က ကျင်းပပြုလုပ်သည့် ပထမအဆင့် စာမေးပွဲ၊ ဒုတိယအဆင့် စာမေးပွဲနှင့် တတိယအဆင့် စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုကြသည့် သံဃာတော်နှင့် သီလရှင် (၁၃၆၅)ပါးထိရှိကြောင်းလည်း သိရသည်။
မဇ္စိုမလင်္ကာရ သာမဏေကျော် စာမေးပွဲကြီးကို မဇ္စိုမဂုဏ်ရည်မဟာစည် တောရရိပ်သာ ပဓာနနာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တကောဝိဒမှ စီမံဦးဆောင်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး စာမေးပွဲကို ဇန်နဝါရီလ (၆)ရက်နေ့မှ ဇန်နဝါရီလ(၈)ရက်နေ့အထိ (၃)ရက်တိုင်တိုင် မဇ္စိုမဂုဏ်ရည် မဟာစည် တောရရိပ်သာ၊ ဓမ္မရံသီမိုးကုတ်ရိပ်သာနှင့် သာသနာ့ရိပ်သာ ရပ်ကွက်ရှိ နိဗ္ဗာန်ဆိပ်ဦးဗိမ္မာန် စာဖြေဌာနသုံးခုတို့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)