ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက် ပြိုင်ပွဲဖွင့်ပွဲနှင့် မနောအက၊ အားကစားပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှု

မြစ်ကြီးနား ဇန်နဝါရီ ၇

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့၌ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများ၊ ပြခန်းပြပွဲများ၊ အားကစားပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နံနက် ၇ နာရီက မြစ်ကြီးနားမြို့ Northern Star ဂေါက်ကလပ်၌ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲသို့ တက်ရောက်သည်။

အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲကို ပြည်နယ်အတွင်းရှိ ဂေါက်သီးရိုက်အားကစားသမား ၁၂၀ ဦး ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများက စပေးဘောဖြစ်သည့် Smoke Ball (ရောင်စုံ မီးခိုးဘောလုံး) ကို ရိုက်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဧရာရပ်ကွက်အတွင်းရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း အတွင်းနှင့် အပြင်တို့တွင် ပြည်နယ်အထွေထွေ အုပ်ချုပ်အုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း/အမှုထမ်းများနှင့် အတူ အမှိုက်များ ကောက်ယူခြင်း၊ သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရုံးဝင်းအဝင် လမ်းဘေးဝဲ/ယာတို့တွင် အလှပန်းပင်များ ဖြည့်စွက် စိုက်ပျိုးနိုင်ရေး၊ ပြည်နယ်နေ့အထိမ်းအမှတ် အခမ်းအနားတွင် သန့်ရှင်းသာယာလှပနေစေရေး ကြိုတင်ပြုပြင်မွမ်းမံနိုင်ရေး တာဝန်ရှိသူများအား ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ရုံးရှေ့ မြက်ခင်းပြင်တွင် ပြည်နယ်နေ့အခမ်းအနားတွင် ၉ ရက်နေ့နှင့် ၁၀ ရက်တို့တွင် အဖွင့်မနောနှင့် အပိတ်မနောအကကို တစ်ညီတစ်ညွတ်တည်း စုပေါင်းကကြရာတွင် ကချင် တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးစံနှင့်အညီ လမ်းကြောင်းမှန်ကန်ညီညာစွာ ကနိုင်ရေး ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ သူနာပြုသင်တန်းသူများအား ရှင်းလင်း ပြသ၍ အစမ်းလေ့ကျင့် ကပြမှုကို လည်းကောင်း၊ သန့်ရှင်းရေးဆောင်ရွက်သူများနှင့် အစမ်းလေ့ကျင့် ကကြသူများအား မုန့်ဟင်းခါး၊ လဘက်ရည်နှင့် မုန့်တို့ကို ဧည့်ခံ ကျွေးမွေးခဲ့သည်။

ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများသည် မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်သို့ တက်ရောက်သည်။

ရှေးဦးစွာ ပညာရေးစုံညီပွဲတော် မုခ်ဦးကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြရာ အခြေခံပညာ ကျောင်းပေါင်းစုံမှ ဘင်ခရာ၊ ပန်းပွားအဖွဲ့များ၊ Fitness Dance အကတို့ဖြင့် ဖျော်ဖြေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် အခမ်းအနားကို အေးမြသီတာခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ အခြေခံပညာ ကျောင်းသား/ကျောင်းသူလေးများက ပညာရေး စုံညီပွဲတော် တေးသီချင်းသီဆိုဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေး နိုင်သည် အခြေခံပညာရေးသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ ထို့ကြောင့် ဘက်စုံပညာ ပြည့်ဝပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် နိုင်ငံ့သားကောင်းများကို ပြုစုမွေးထုတ်ပေးနိုင်သည့် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့ တပည့်သား၊ သမီးများကို ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် မိဘပြည်သူများက မိမိတို့မိသားစု၊ ရပ်ရွာဒေသအသိုက် အဝန်းတွင် အောင်မြင်သူ များအဖြစ်၊ ပညာတတ်လူရည်ချွန်များ ပေါ်ထွန်းလာစေရေး ဝိုင်းဝန်းကြိုး ပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ပညာရေးမှူး ဦးခင်မောင်ထွေးက ပညာရေးစုံညီပွဲတော်ကျင်းပပြု လုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း Green Clean Award (နိုင်ငံတော်အဆင့်) ပထမဆု၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများနှင့် အထိမ်းအမှတ်နေ့အလိုက် စာစီစာကုံးပြိုင်ပွဲများ၊  ဘာသာရပ် ဆိုင်ရာ စွမ်းရည်ပြိုင်ပွဲ များတွင် ဗဟိုအဆင့်နှင့် ပြည်နယ်အဆင့် ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကာ ကျောင်းသား/ ကျောင်းသူ လေးများ၏ တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာ၊ ပန်းပွား၊ Fitness Dance နှင့် အကအဖွဲ့များအတွက် ချီးမြှင့်ငွေ များကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အခြေခံပညာကျောင်းများအလိုက် ပညာရေးပြခန်းများ ခင်းကျင်းပြသထားရှိမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။ ထိုမှ တစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ကိုယ်ကာယပြန်လည် သန်စွမ်းရေးဌာန၌ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မသန်စွမ်းဝှီးချဲ ဘတ်စကတ် ဘောပြိုင်ပွဲသို့ တက်ရောက်ပြီး မသန်စွမ်းအားကစားသမားများအား ရင်းရင်းနှီးနှီးမိတ်ဆက်တွေ့ဆုံ အားပေးကာ မသန်စွမ်းဘက်စကက်ဘော အားကစားသမားများအတွက် ဘောလုံးများကို ထောက်ပံ့ ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲစတင်ကျင်းပနိုင်ရေး ဘတ်စကတ်ဘောကို ဂိုးပိုက် အတွင်းသို့ ပစ်သွင်းဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲကျင်းပ မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ငြိမ်းချမ်း သာယာရေကူးကန်၌ ရေကူးသရုပ်ပြနှင့် ရေကူးပြိုင်ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် ရေကူးအားကစားသမားနှင့် အားကစားဆပ်ကော်မတီတာဝန်ရှိသူများ၏ ကြိုတင်ပြင်ဆင်လေ့ကျင့်မှု များကိုလည်းကောင်း၊ ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဆုပစ္စည်း များနှင့် ဂုဏ်ထူးဆောင်လက်မှတ်ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ပြည်နယ် ဘောလုံး ကွင်းရှေ့ မီနီမာရသွန်အတွက် တာလွတ်နိုင်ရေးနှင့် ဘောလုံးကွင်းအတွင်း အမျိုးသား/ အမျိုးသမီး ဂိုးလတ်ပြိုင်ပွဲ၊ တိုက်ကွမ်ဒို၊ ကရာတေးဒို၊ လက်ဝှေ့၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်း အလှခတ်ပြိုင်ပွဲများ၊ မြန်မာ့ သိုင်းသရုပ်ပြပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ ယဉ်ကျေးမှုပြတိုက်သို့ သွားရောက်ပြီး ပြတိုက်အတွင်း ကချင်တိုင်းရင်းသားများနှင့် ရှမ်းမျိုးနွယ်စုများ၏ ရှေးဟောင်းအမွေအနှစ်ပစ္စည်းများ၊ ရိုးရာလက်မှုပစ္စည်းများ၊ တူရိယာပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် ဓား၊ လှံလက်နက်များ စနစ်တကျခင်းကျင်းပြသထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရမ်ပူရပ်ကွက်၊ တောင်သူကြီးလမ်းအတွင်းရှိ ဂျိမ်းဖောသူ အထည်နှင့် ရက်ကန်းရုံသို့ သွားရောက်ကာ ရက်ကန်းရုံအတွင်း လက်ရက်ကန်း၊ စက် ရက်ကန်းဖြင့် ရိုးရာအဝတ်အထည်များ ရက်လုပ်သည့် လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းကလည်း (၇၆)နှစ်မြောက် ကချင်ပြည်နယ် နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သွားမည့် မြစ်ကြီးနားမြို့ လေဆိပ်သွားလမ်း (ပြည်ထောင်စု) လမ်းမဘေးရှိ တြိဂံမြေကွက်လပ်၌ အများပြည်သူအပန်းဖြေနိုင်ရေး မေခပန်း ဥယျာဉ်ပြင်ဆင်တည် ဆောက်ထားရှိမှုများကို လည်းကောင်း၊ စီတာပူရပ်ကွက်အတွင်း ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီး ခဲ့သည့် ဒူဝါဇော်ရစ်လမ်းနှင့် စက်မှုဇုံရပ်ကွက်အတွင်းရှိ ဗလမင်း ထင်ပရိယတ္တိစာသင်တိုက်သွားလမ်း နိုင်လွန်ကတ္တရာလမ်းဖွင့်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိ မှုများကိုလှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)