သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ဝေဠုဝန်ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည့် အသံမစဲ ဥပ္ပါတသန္တိပါဠိတော်ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညို

နေပြည်တော် ဇန်နဝါရီ ၇

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မိုးဆွေကျေးရွာအုပ်စု၊ ပန်းတင်ကျေးရွာ၊ ဝေဠုဝန်ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည့် အသံမစဲ ဥပ္ပါတသန္တိပါဠိတော်ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညိုသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၊ ပျဉ်းမနားမြို့၊ အောင်စည်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိစက္ခဏထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများလျှောက်ထားရာတွင် ပြည်ထောင်စုနယ်မြေ အတွင်း၌ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားများကို နေပြည်တော်၊ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၌ ၅-၁၁-၂၀၂၃ ရက်နေ့မှစတင်၍ (၁၀၈)ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်လျက် ရှိပါကြောင်း၊ ပုဗ္ဗသီရိမြို့နယ်၊ သီရိမင်္ဂလာ ဥသျှစ်ကုန်းကျောင်း၊ ဘုရားငါးဆူ ကျောင်းနှင့် ရွှေလွှမ်းတောင်ကျောင်းတို့၌ ၂၉-၁၁-၂၀၂၃ ရက်နေ့မှ ၁၆-၁၂-၂၀၂၃ ရက်နေ့အထိ ၁၈ ရက်တိုင်တိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာ ပရိယတ္တိစာသင်တိုက်၊ ဥတ္တရသီရိမြို့နယ်၊ မြင့်ထူးသာကျောင်း တိုက်နှင့် ပျဉ်းမနားမြို့၊ သုခဝိဟာရသရက်ကုန်းကျောင်းတိုက်တွင် ၁၆-၁၂-၂၀၂၃ ရက်နေ့မှ ၂၂-၁၂-၂၀၂၃ ရက်နေ့အထိ ၇ ရက်တိုင်တိုင်၊ တပ်ကုန်းမြို့နယ်၊ မဟာဇနက ကျောင်းတိုက်၊ လယ်ဝေးမြို့နယ်၊ သရက်တောပရိယတ္တိ စာသင်တိုက်နှင့် ဇေယျာသီရိမြို့နယ်၊ မဟာဗောဓိမြိုင် ကျောင်းတိုက်တို့၌လည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ဒက္ခိဏသီရိမြို့နယ်၊ သဒ္ဓမ္မဝေပုလ္လ ပရိယတ္တိ စာသင်တိုက်နှင့် ဇေယျာသီရိမြို့နယ်၊ ရတနာစံပရိယတ္တိစာသင်တိုက်တို့၌လည်း ဥပ္ပါတသန္တိ ပါဠိတော် ဆက်လက်ရွတ်ဖတ်ပူဇော်သွားမည် ဖြစ်ပါကြောင်း၊ သာသနာတော်မြတ်ကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲ စေရန်နှင့် ကမ္ဘာလောကကြီး အေးချမ်းသာယာပြီး အခါခပ်သိမ်း နတ်ဗြဟ္မာတို့က စောင့်ရှောက်နိုင်ရန် ကျမ်းဦး ၅ ဂါထာအပါအဝင် ဥပ္ပါတသန္တိသုတ် ပါဠိဂါထာပေါင်း ၂၇၁ ဂါထာတို့ကို သဒ္ဓါ၊ ပညာ၊ ဝီရိယ ဦးစီးကာ မေတ္တာ၊ ကရုဏာရှေ့ထား၍ ရွတ်ဖတ်သရဇ္ဈာယ်ပေးတော်မူကြကုန်သော ဆရာတော် အရှင်သူမြတ်တို့အား ကြည်ညိုဦးတင်ပါကြောင်း လျှောက်ထားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိစက္ခဏထံ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က လှူဖွယ်ဝတ္ထုပစ္စည်းများအား လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးအေးထွန်းက နဝကမ္မအလှူငွေ ၅ သိန်းကျပ်နှင့် ဥပ္ပါတသန္တိဂေါပကအဖွဲ့ဝင် ဦးထွန်းကြည်တို့မှ ဥပ္ပါတသန္တိပါဠိတော် ဝတ်ရွတ်စဉ်စာအုပ်များ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဝိစက္ခဏမှ အနုမောဒနာတရားဟောကြားရာတွင် ကပ်ရောဂါဘေး အစရှိသော ဘေးအန္တရာယ်အပေါင်းတို့မှ ကင်းဝေးစေရန်အလို့ငှာ စိတ်ရည်သန်၍ ရွတ်ဖတ်ပူဇော်ပေးလျက်ရှိပါကြောင်း ကမ္ဘာသူကမ္ဘာသားများနှင့် မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများ လျင်မြန်စွာဖြင့် ရောဂါအမျိုးမျိုး၊ ဘေးအန္တရာယ်အမျိုးမျိုးတို့မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာရှိသ၍ မြန်မာနိုင်ငံတော်ကြီးလည်း ယနေ့မှစ၍ အေးချမ်းသာယာ၍ တိုင်းသူပြည်သားတို့လည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်းနှင့် ဆရာဒကာ လက်တွဲ၍ သာသနာပြု နိုင်ပါစေကြောင်း မိန့်ကြားပါသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ရင်ပြင်တော်ပေါ်ရှိ မျှဝရုံတွင် ၅-၁၁-၂၀၂၃ ရက်နေ့မှစတင်၍ ၁ဝ၈ ရက် တိုင်တိုင် ဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်လျက်ရှိသည့်အပြင် ပုဗ္ဗသီရိမြို့နယ်၊ သီရိမင်္ဂလာဥသျှစ်ကုန်းကျောင်း၊ ဘုရားငါးဆူကျောင်းနှင့် ရွှေလွှမ်းတောင်ကျောင်းတို့၌ ၂၉-၁၁-၂၀၂၃ ရက်နေ့မှ ၁၆-၁၂-၂ဝ၂၃ ရက်နေ့အထိ ၁၈ ရက်တိုင်တိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာ ပရိယတ္တိစာသင်တိုက်၊ ဥတ္တရသီရိမြို့နယ်၊ မြင့်ထူးသာကျောင်းတိုက်နှင့် ပျဉ်းမနားမြို့ သုခဝိဟာရသရက်ကုန်းကျောင်းတိုက်တွင် ၁၆-၁၂-၂ဝ၂၃ ရက်နေ့မှ ၂၂-၁၂-၂ဝ၂၃ ရက်နေ့အထိ ၇ ရက်တိုင်တိုင်၊ တပ်ကုန်းမြို့နယ်၊ မဟာဇနကကျောင်းတိုက်၊ လယ်ဝေးမြို့နယ်၊ သရက်တောပရိယတ္တိ စာသင်တိုက်နှင့် ဇေယျာသီရိမြို့နယ်၊ မဟာဗောဓိမြိုင်ကျောင်းတိုက်တို့၌လည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်းနှင့် ဒက္ခိဏသီရိမြို့နယ်၊ သဒ္ဓမ္မဝေပုလ္လပရိယတ္တိ စာသင်တိုက်နှင့် ဇေယျာသီရိမြို့နယ်၊ ရတနာစံပရိယတ္တိစာသင်တိုက်တို့၌လည်း ဥပ္ပါတသန္တိပါဠိတော် ဆက်လက်ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကျော်စွာဟိန်း(ပြန်/ဆက်)