ချီဖွေ ဖေဖော်ဝါရီ ၂၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယမန်နေ့ နံနက် (၁၁) နာရီတွင် ချီဖွေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်း၌ အသက်မွေးဝမ်းကျောင်း အထောက်ကူပြု သင်တန်းဖွင့်ပွဲ အခမ်းအနား ကို ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြစ်ကြီးနားခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်မှူး ဦးသန်းထွန်းဝင်းက သင်တန်းဖွင့်ရခြင်းနှင့် ပတ်သက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် မွေးမြူရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသခံတောင်သူများ အကျိုးရှိမည့် သင်တန်း တစ်ခုဖြစ်ပြီး အဓိကအားဖြင့် ပိုးသတ်ဆေးကာကွယ်ခြင်း၊ မြေဩဇာပြုလုပ်ခြင်း၊ ကိုယ်တိုင်အပင် မျိုးပွားခြင်း သင်တန်းများကို နည်းပညာပိုင်းအပါအဝင် လက်တွေ့ပိုင်းဖြင့်ပါ သင်ကြား ပို့ချမည် ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းကို ၂၅.၂.၂၀၂၀ ရက်နေ့မှ ၁၀.၃.၂၀၂၀ ရက်နေ့အထိ (၂)ပတ်ကြာ ဖွင့်လှစ် ပေးသွားမည်ဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင် အခွင့်လမ်းနှင့် မိသားစုဝင်ငွေ တိုးပွားစေရေး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို တနိုင်တပိုင် လုပ်ကိုင်နိုင်ရေးအတွက် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးသိန်းနိုင်ဦးနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒု-လက်ထောက် ကြီးကြပ်ရေးမှူး ဦးယိန်းဘောမ်တို့က သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ကျေးလက်နေပြည်သူများအတွက် သင်တန်းများ ပို့ချပေးရခြင်းနှင့် စပ်လျဉ်း၍ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းနိုင်ဦးက ၂၀၁၉-၂၀၂၀ ဘဏ္ဍနှစ်အတွင်း ကချင်ပြည်နယ်တွင် သင်တန်း(၄၂) ခုဖွင့်လှစ်ဆောင်ရွက်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍနှစ်တွင် သင်တန်း(၁၃) ခု ကို ပို့ချဆောင်ရွက်ရန်ရှိထားကြောင်းနှင့် ယခုနှစ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဦးစီးဌာနအနေဖြင့် အခြေခံစားသောက်ကုန် ထုတ်လုပ် နည်းနှင့် လူသုံးကုန်ထုတ်လုပ်မှု သင်တန်း၊ စိုက်ပျိုးမွေးမြူရေးသင်တန်းနှင့် အမျိုးသမီးအပ်ချုပ်စက်သင်တန်းစသည့် ဘာသာရပ်(၃) ခု အား ပို့ချပေးမည် ဖြစ်သော်လည်း ဒေသနှင့်လိုက်လျောညီမည့် သင်တန်းများကိုသာ အဓိကထား သင်ကြားပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ခေါင်လွမ်း(ပြန်/ဆက်)