တာမွေ ဇန်နဝါရီ ၇
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲမှ ကြီးမှူးကျင်းပသည့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် အရှေ့ရွှေဂုံတိုင်လမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အရာထမ်းများ၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်ဌေးက မူပိုင်ခွင့်ဆိုသည့်အဓိပ္ပာယ်၊ နယ်ပယ်အလိုက် မူပိုင်ခွင့်အမျိုးအစားများ၊ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများ၊ မူပိုင်ခွင့်ရရှိသူများ၏ အခွင့်အရေးများ၊ မူပိုင်ခွင့်ဆိုင်ရာ အငြင်းပွားမှုများနှင့်နစ်နာမှုများ၊ မူပိုင်ခွင့်သက်တမ်းများ၊ မူပိုင်ခွင့်နှင့်ပတ်သက်၍ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲအနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများနှင့် ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာကြသူများက စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်ဌေးက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)