ရန်ကုန် ဇန်နဝါရီ ၇
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ဦးဆောင်မှုဖြင့် နိုင်ငံပေါင်း (၇)နိုင်ငံအသိမှတ်ပြု ITPEC စာမေးပွဲအောင်လက်မှတ်နှင့် ထူးချွန်ဆုပေးအပ်ပွဲ ကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ရန်ကုန် တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ MICT Park ၌ ကျင်းပရာ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးမင်းဇေယျာလှိုင်၊ ဦးထွန်းခိုင်နှင့် အသင်းဝင်းများ၊ ဆုရ IT ပညာရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ(၇) နိုင်ငံအသိအမှတ်ပြု ITPEC Exam ဗွီဒီယိုမှတ်တမ်းကို ပြသပြီး မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးထွန်းခိုင်က ကျေးဇူးတင်စကား ပြောကြားပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပစစ်ဆေးခဲ့သည့် IP Exam တွင် ထိုင်း၊ ဗီယက်နမ်၊ မွန်ဂိုးလီးယား၊ ဖိလစ်ပိုင်၊ ဂျပန်၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာစသည့် (၇)နိုင်ငံ၌ အမှတ် အများဆုံးရရှိသူ(၆)ဦးအား မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်က ဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ပေးခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးထွန်းခိုင်နှင့် တာဝန်ရှိသူများ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပစစ်ဆေးခဲ့ သည့် FE Exam တွင် မြန်မာနိုင်ငံ၌ အမှတ် အများဆုံးရရှိသူ Excellence Award ဆုရရှိသူ (၄) ဦးအား ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့် ခြင်း၊၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပစစ်ဆေးခဲ့သည့် IP Exam တွင် မြန်မာနိုင်ငံ၌ အမှတ်အများဆုံးရရှိသူ Excellence Award ဆုရရှိသူ (၆) ဦးအား ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခြင်း၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပစစ်ဆေးခဲ့သည့် ITPEC Exam တွင် ဝင်ရောက် ဖြေဆိုသူ အများဆုံးဆု (Highest Enrollment Award) ရရှိသူများအား ဂုဏ်ပြု လက်မှတ်ပေးအပ်ချီးမြှင့်ခြင်း၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ တွင် ကျင်းပစစ်ဆေးခဲ့သည့် ITPEC Exam တွင် ဝင်ရောက်ဖြေဆိုသူ(၄၀) ဦးနှင့် အထက် အောင်ချက်ရာခိုင်နှုန်းအမြင့်ဆုံးဆု (Highest Pass Rate Award )ရရှိသူများအား ဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ITPEC စာမေးပွဲအောင်လက်မှတ်ရ IT ပညာရှင်များအနေဖြင့် ထိုင်း၊ ဗီယက်နမ်၊ မွန်ဂိုးလီးယား၊ ဖိလစ်ပိုင်၊ ဂျပန်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများတွင် လွယ်ကူစွာ လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်အနေဖြင့် ၂၀၀၅ ခုနှစ်နိုဝင်ဘာလတွင် သဘောတူလက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)