မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ပြင်ဦးလွင်မြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအားကြည့်ရှု

မန္တလေး ဇန်နဝါရီ ၇

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေသည့်  နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နိုင်လွန်ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေသည့် ရပ်ကွက်ကြီး(၆)ရှိ နန္ဒာလမ်းနေရာသို့ ရောက်ရှိရာ ပြင်ဦးလွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင် အရာရှိက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်နေသည့် နန္ဒာလမ်း၊ အိမ်တော်လမ်းနှင့် ကလပ်လမ်း  နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ လုပ်ငန်းပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက် မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြင်ဦးလွင်မြို့အား စံပြမြို့တော်ဖြစ်လာစေရေးအတွက် နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများ နေ့စဉ်သွားလာမှု အဆင်ပြေချောမွေ့ စေရေးအတွက် လမ်းများဖောက်လုပ်ပေးခြင်း၊ ခင်းကျင်းပေးခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးခြင်းတို့မှာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အရေးပါသည့်ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးရေး၊ အရည်အသွေးစံချိန်စံညွှန်း ပြည့်မီရေးတို့ကို စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရေးနှင့် ပြင်ဦးလွင်မြို့အား စံပြမြို့တော် ဖြစ်လာရေး အားလုံးဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း မှာကြားပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယခု နိုင်လွန်ကတ္တရာလမ်းခင်းကျင်းမှုလုပ်ငန်းများအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ရပ်ကွက်ကြီး(၅)အတွင်း အရှည် (၂၁၀၀)ပေ၊ အကျယ် (၂၁)ပေ၊ ထု (၃)လက်မရှိ ကလပ်လမ်း နိုင်လွန်ကတ္တရာခင်းခြင်းအား ငွေကျပ်(၂၁၉.၈) သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း၊ ရပ်ကွက်ကြီး(၆)အတွင်း အရှည် (၂၆၇၅)ပေ၊ အကျယ် (၂၄)ပေ၊ ထု(၃)လက်မရှိ နန္ဒာလမ်းနိုင်လွန်ကတ္တရာခင်းခြင်းအား ငွေကျပ်(၃၇၇)သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်း ပြီးစီးမှု  ၇၅ ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းနိုင်