မုဒုံမြို့နယ် အ.မ.က (ညောင်ကုန်း) ကျောင်းတွင် ပညာရေးစုံညီပွဲတော်ကျင်းပ

မုဒုံ ဇန်နဝါရီ ၇

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်း (ညောင်ကုန်း) စာသင်ကျောင်း ပညာရေးစုံညီပွဲတော်ကို ယမန်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ  မုဒုံမြို့နယ်  ဒုတိယမြို့နယ် ပညာရေးမှူး  ဦးဝင်းနိုင်က  ပညာရေးဆိုင်ရာကိစ္စရပ်များကို  အမှာစကားပြောကြားပြီး ကျောင်းအုပ် ဆရာမကြီးက  ကျောင်းသား/သူများအနေဖြင့်  ကျောင်းပညာရေးသာမက ဘက်စုံထူးချွန်ရေးအတွက် မိဘ၊ ဆရာ၊ ကျောင်းသားတို့မှ ဆက်လက် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ မိမိစာသင်ကျောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအကြောင်းနှင့် ကျောင်းသား/သူများ ဘက်စုံပညာ ထူးချွန်ရေးတို့အတွက် မိဘ၊ ဆရာများမှ ပူးပေါင်းဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားသည်။  ထို့နောက် ကျောင်း အကျိုးတော်ဆောင် များက အ.မ.က(ညောင်ကုန်း) စာသင်ကျောင်း၏ ဖွံ့ဖြိုးတိုးတက်သည့် အကြောင်းအရာများနှင့် ပညာရည်ချွန်ဆုပေးပွဲ၊ ပညာရေးစုံညီပွဲတော်ကို ဖြစ်မြောက်အောင် ကူညီပံ့ပိုးပေးကြသည့် တာဝန်ရှိသူများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကာယ၊ ဉာဏ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား/သူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/သူများက တေးသရုပ်ဖော် တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)