ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် Bagan Plastic Campaign အဖွဲ့သားများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေရာများသို့ သွားရောက်ကြည့်ရှုအားပေး

ညောင်ဦး  ဇန်နဝါရီ  ၇

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည်  မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း Bagan Plastic Campaign အဖွဲ့သားများ၊ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ သန့်ရှင်းရေးပြုလုပ်နေရာများသို့ ယမန်နေ့နံနက် ၇ နာရီခွဲက သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးသည် Bagan Plastic Campaign အဖွဲ့သားများသန့်ရှင်းရေးပြုလုပ်နေသည် ပုဂံမြို့ဟောင်းရှိ ရွှေဂူကြီးဘုရား ခေါ် နန်းဦးဘုရား၊ သဗ္ဗညုဘုရား၊ သံတော်ကြားဘုရား၊ ဂရို့ချိုးဘုရား၊ ပိဋကတ်တိုက်နေရာနှင့် Information Centre ၊ မဟာဗောဓိဘုရား၊ ဂူပိစပ်ဘုရား၊ ဗူးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ မြင်းကပါကျေးရွာ မြောက်ဘက် မင်္ဂလာစေတီဘုရားကြီးပတ်ဝန်းကျင်နှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရွှေနန်းရင်တောအုတ်ကျောင်းတိုက်အစုအဝေးအတွင်း ညောင်ဦးခရိုင်/မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာနေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ အားပေးစကားပြောကြားခဲ့သည်။

အဆိုပါစုပေါင်းသန့်ရှင်းရေးကို Bagan Plastic Campaign အဖွဲ့၊ ညောင်ဦးခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးကော်မတီ(DMO)အဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်အတွင်းရှိ ဟိုတယ်/မိုတယ်ဝန်ထမ်းများမှ ဝန်ထမ်းများ၊ စားသောက်ဆိုင်လုပ်ငန်းရှင်အသင်းအဖွဲ့သားများ၊ ခရီးသွားလုပ်ငန်းရှင် အသင်းအဖွဲ့သားများ၊ ဧည့်လမ်းညွှန်အသင်းအဖွဲ့သားများ၊ Balloon လေးခုမှ ဝန်ထမ်းများ စုစုပေါင်းအင်အား(၄၀၀)ဦးခန့်နှင့် ညောင်ဦးခရိုင်/ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်း (၃၅၀)ဦး စုစုပေါင်း (၇၅၀)တို့ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဒီပါလင်း