ကျောက်ပန်းတောင်း ဇန်နဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉)နာရီက လွတ်လပ်ရေးရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စကားဝါခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ညောင်ဦးခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ထွန်းဦးက အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် မြို့နယ်အဆင့်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်သွားကြရန် ဆွေးနွေးမှာကြားသည်။ ယင်းနောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးတင်မောင်ဝင်းက ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပြီး ကျောင်းများအလိုက်နှင့် မြို့နယ်အဆင့် ရေးဆွဲထားသည့် အောင်ချက်မြင့်မားရေးစီမံချက်များ ပေါက်မြောက်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်ရေး ဆွေးနွေးပြောကြားကာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ရုပ်သိမ်းခဲ့သည်။
ယင်းနောက် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ပထဝီ၊ သမိုင်း၊ ဘောဂ အစရှိသည့် ဘာသာရပ်များအလိုက်၊ ဘာသာရပ်သင်ဆရာ/ဆရာမများက စာသင်ခန်းများတွင် စုဖွဲ့ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အောင်ချက်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အထက်တန်းကျောင်း(ခွဲ)များမှ ကျောင်းအုပ်ဆရာ/ဆရာမများနှင့် အထက်တန်းပြဆရာ/ဆရာမများ၊ ပြင်ပပုဂ္ဂလိကကျောင်းများမှ ဆရာ/ဆရာမများ စုစုပေါင်း (၂၂၆) ဦး တက်ရောက်ကြကြောင်းသိရပြီး ဆွေးနွေးပွဲကို ခရိုင်အဆင့်တွင် တက္ကသိုလ်ပါမောက္ခများ၊ ကထိကများနှင့် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခဲ့ကြသည့် ဆရာကြီး/ဆရာမကြီးများက ဦးဆောင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)