ထန်းတပင်(ရန်ကုန်) ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးလောင်မှုများမဖြစ်ပွားစေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်၍ ကာကွယ်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက မီးဘေးလုံခြုံရေးကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ထန်းတပင်မြို့မစျေးတွင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မီးဘေးလုံခြုံရေးကြိုတင်ဇာတ်တိုက်လေ့ကျင့်ရာတွင်လည်း မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမိုးမင်းအောင်ဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးအသုံးပြုကာ လက်တွေ့မီးငြှိမ်းသတ်ပြသခြင်း၊ ဖုံးအုပ်ငြှိမ်းသတ်ပြသခြင်း၊ 3D မီးသတ်ပိုက်ခေါင်းအသုံးပြု၍ လက်တွေ့ပြသခြင်းနှင့် အမြုပ်မီးသတ်ဆေးရည်ဖြင့် မီးငြှိမ်းသတ်ခြင်းများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် စျေးသူ၊ စျေးသားများကိုလက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ပြသဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မီးဘေးလုံခြုံရေးကြိုတင်ဇာတ်တိုက်လေ့ကျင့်ရာသို့လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြည့်ရှုအားပေးဆောင်ရွက်ခဲ့ကြပြီး မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့်လည်း ဌာနဆိုင်ရာများနှင့် မီးဘေးလုံခြုံရေးကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းများသာမက အများပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေးတို့အတွက် အသိပညာပေးနှိုးဆော်မှုများနှင့်မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေးလုပ်ငန်းများကိုလည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)