စာရေးဆရာ ကိုရွှေအောင်သင်း ရေးသား/ ထုတ်ဝေသည့် “တကယ်ချစ်မှ လွမ်းပါမောင်” စာအုပ်မိတ်ဆက်ပွဲကျင်းပ

ပြင်ဦးလွင် ဇန်နဝါရီ ၆

ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက် ၁၀ နာရီက စာရေးဆရာ ကိုရွှေအောင်သင်း ရေးသား/ ထုတ်ဝေသည့် “တကယ်ချစ်မှ လွမ်းပါမောင်”စာအုပ်မိတ်ဆက်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က အဖွင့်အမှာစကားပြောကြားပြီး  စာရေးဆရာ ကိုရွှေအောင်သင်းက တကယ်ချစ်မှလွမ်းပါမောင် စာအုပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြင်ဦးလွင်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာသက်နိုင်(ပြင်ဦးလွင်)၊ မြင့်မြတ်ပညာရေးဖောင်ဒေးရှင်းမှ ဆရာဦးမြင့်ရွှေ၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထူး၊ ပြင်ဦးလွင်မြို့နယ် သတင်းစာဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေ၊ အ.ထ.က (၂) ကျောင်းအုပ်ဆရာကြီး ဦးကျော်မျိုးသူ၊ အ.ထ.က(မိုးကြိုးပစ်) ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသီထက်နွေကျော်၊ ကာတွန်းဝင်းမြင့်၊ Women Club ဥက္ကဋ္ဌ ဒေါ်ကြူကြူ၊ ပြင်ဦးလွင်မြို့နယ် စာရေးဆရာအသင်း အတွင်းရေးမှူး ဆရာမ ကေမီ(ပြင်ဦးလွင်)၊ VOM သတင်းဌာနမှ Chief & Editor နေမျိုးလင်းနှင့် အစိုးရစက်မှုလက်မှုကျောင်း (ပြင်ဦးလွင်) မှ ကျောင်းသား/ ကျောင်းသူများ၏ကိုယ်စား ကျောင်းသားတစ်ဦးတို့က စာအုပ်ထွက်ရှိမှုအပေါ် မုဒိတာစကားများ အသီးသီးပြောကြားသည်။

ထို့နောက် စာရေးဆရာကိုရွှေအောင်သင်းက ပြင်ဦးလွင်ခရိုင် ပြည်သူ့စာကြည့်တိုက်နှင့် ခရိုင်ကြီးကြပ်မှုအောက်ရှိ မြို့နယ်/ မြို့ရုံး ပြည်သူ့စာကြည့်တိုက်များသို့ “တကယ်ချစ်မှ လွမ်းပါမောင်” ဝတ္ထုစာအုပ်များလှူဒါန်းခြင်းနှင့် အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များအား စာအုပ်များ အမှတ်တရပေးအပ်သည်။ ထို့နောက် စာရေးဆရာ ကိုရွှေအောင်သင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးပြီး အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းသည်။

စာရေးဆရာ ကိုရွှေအောင်သင်း ရေးသား/ ထုတ်ဝေသည့် “တကယ်ချစ်မှ လွမ်းပါမောင်”စာအုပ် မိတ်ဆက်ပွဲအခမ်းအနားသို့ စာရေးဆရာ/ ဆရာမများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၊ ကျောင်းသား/ ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၂၂၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ဖြူလူသစ် (ပြန်/ဆက်)