စစ်တွေ ဇန်နဝါရီ ၆
သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(စစ်တွေ)မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစုပေါင်းနေ့လယ်စာစားပွဲနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါသင်တန်း ကျောင်းအစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်တို့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းသို့ပေးအပ်သည့် အခြေခံစားသုံးကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ကြသည်။ ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတာဝန်ရှိသူများသည် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်းနေ့လယ်စာ စားသောက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြပြီး ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။
နေ့လယ်စာ သုံးဆောင်အပြီးတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများအချင်းချင်းချစ်ခင်ရင်းနှီးမှုရရှိစေရန် ရည်ရွယ်ပြီး ကာရာအိုကေတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)