စဉ့်ကူးမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကျင်းပ

 

စဉ့်ကူး ဇန်နဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျွန်းရွှေဝါခန်းမ၌ ယမန်နေ့နံနက် (၈) နာရီခွဲအချိန်က ကျင်းပသည်။

ရှေးဦးစွာ လက်ပန်လှကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက “ကြိုဆိုပါသည်စုံညီပွဲတော်”သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင်က စုံညီပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်အကောင်းဆုံးဆုရကျောင်းများ၊ လွတ်လပ်ရေးနေ့၊ အာဇာနည်နေ့၊ ကမ္ဘာ့ဆရာများနေ့နှင့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ စသည့်အထိမ်းအမှတ်နေ့များတွင် ကျင်းပပြုလုပ်ပေးခဲ့သော စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် စာပေထူးချွန်ဆု၊ ကာယဆု၊ ဉာဏဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ပြီးနောက် စဉ့်ကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတို့မှ ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ကြွရောက်လာသော ဧည့်သည်တော်များကို ကပြဖျော်ဖြေပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နီချစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အတွင်းရှိ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)