ကျိုင်းတုံ အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်( အရှေ့ပိုင်း)ကျိုင်းတုံ မြို့တွင် မြို့ရှောင်လမ်းဖောက်လုပ်ရေး စီမံကိန်းတွင်ပါဝင်သော ပုံစံ (၁၂)ဖြင့် ပေးလျော်မည့် တောင်သူ (၈၂)ဦးအား ဒုတိယအကြိမ် မြေယာလျော်ကြေးပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကျိုင်းတုံမြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရပါသည်။
အဆိုပါ မြို့ရှောင်လမ်းအတွက် လျော်ကြေးငွေ များကို ယန်းလော ၊ရပ်ကွက်(၁)၊မိုင်းဇင်းကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများအား ပေးအပ်ခဲ့ပြီးစုစုပေါင်း ငွေကျပ် ၄၆၄၀ သိန်း ကျော် ရှိကြောင်းသိရပါသည်။ယခင် ပထမ အကြိမ် တွင်လည်း တောင်သူ (၁၂)ဦးအား လျော်ကြေးငွေ ပေးအပ် ခဲ့ပြီး စုစုပေါင်း ဒေသခံပြည်သူ (၉၄) ဦးအတွက် လျော်ကြေးငွေ ၆၄၈၂ သိန်းကျော် ရှိကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း လမ်းဦးစီးဌာန တာဝန် ရှိသူ တစ်ဦးထံမှ သိရပါသည်။
အဆိုပါ ဒေသခံပြည်သူများအတွက် မြေယာလျော်ကြေးငွေများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစတီ ဖန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုး၊ ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူးဦးရဲနိုင် ၊ လမ်းဦး စီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲလင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့ က အသီး ပေးအပ်ခဲ့ကြပါသည်။
ကျိုင်းတုံမြို့ရှောင်လမ်းအနေဖြင့် မိတ္ထီလာ တောင်ကြီး ကျိုင်းတုံ တာချီလိတ် လမ်းမကြီး ကီလိုမီတာ ၆၂၈.၂ ကျိုင်းဖောင်းရွာ အနီးမှဝင်၍ ၆၃၉ ကီလိုမီတာဖြစ်သော တာချီလိတ်အထွက် နောင်နွန်းစုပေါင်းဂိတ် အထိ ၁၀ ကီလိုမီတာအရှည် နိုင်လွန် ကတ္တရာ လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လည်း သိရပါသည်။
ငုချိုချိုကျော် (ပြန်/ဆက်)