ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျောက်ဆည် ဇန်နဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီ ကကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်းနယက ဦးကျော်ဝင်းနိုင် စာရေးဆရာ (မွန်ဇူး)က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်မြို့နယ် စာ‌ရေးဆရာအသင်းဥက္ကဋ္ဌ ဦးအောင်ကိုကိုဇော် (ကာတွန်းဖောင်းဖောင်း)က ကျောက်ဆည်မြို့နယ်အမှတ်(၃)မဂ္ဂဇင်း ထုတ်ဝေနိုင်းရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်နှင့် အောင်မြင်အောင်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် မြို့နယ်စာရေးဆရာအသင်းဝင်များက ကျောက်ဆည်မဂ္ဂဇင်း အမှတ်(၃) ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းအတည်ပြုခြင်း၊ ဘဏ္ဍာငွေရှာကြံရေးကော်မတီဖွဲ့စည်း အတည်ပြုခြင်း၊ အယ်ဒီတာအဖွဲ့နှင့် စာတည်းအဖွဲ့ ဖွဲ့စည်းအတည်ပြုခြင်း၊ စာမူများစတင်ဖိတ်ကြားရက်၊ စာမူပိတ်ရက်နှင့် စာမူခများ အတည်ပြုခြင်း၊ စာမူစစ်ဆေးမည့်နေ့ရက်နှင့် စာမူစစ်ဆေးမည့် ပုံစံသတ်မှတ်ခြင်း၊ စာမူလက်ခံဌာနသတ်မှတ်ခြင်းများနှင့် အထွေထွေအကြံပြုချက်များ ဆွေးနွေးခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းနာယက ဦးစိုးမြင့် စာရေးဆရာ(စိုးမြင့်ဒွဏ်း-အာယုဗေဒ-ဂုဏ်ထူး)က ဆွေးနွေးအကြံပြုချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်မောင်