ဆီဆိုင်မြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်နည်းသင်တန်းဆင်း

ဆီဆိုင် ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု  အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်နည်း သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက နောင်ကျောကျေးရွာအုပ်စု၊ ပုံးလောင်းကျေးရွာခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသဦးစီးမှူး ဒေါ်လွင်လွင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှူးအောင်ဇေယျနှင့် အဖွဲ့ဝင် ဦးခွန်အောင်ကျော်မြင့်တို့က အမှာစကားပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ဆုရရှိသော သင်တန်းသားများအား ဆုချီးမြှင့်ခြင်း၊ သင်တန်းသားများအား ထောက်ပံ့ပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်ခဲ့သည်။ ထို့နောက် နောင်ကျောကျေးရွာအုပ်စု ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး သင်တန်းသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက သင်တန်းသားများနှင့်အတူ အမှတ်တရစုပေါင်း မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ သင်တန်းကို နောင်ကျောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ သင်တန်းသား (၂၀) ဦးတို့အား  ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ (၂၀) ရက်နေ့မှ ဇန်နဝါရီ (၆) ရက်နေ့အထိ စာတွေ့၊ လက်တွေ့ အခမဲ့သင်ကြားပေးခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)